စစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် တစ်လအတွင်း အမျိုးသမီး ၅၅ ဦး အသက် ဆုံးရှုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ယနေ့(ဖေဖေါ်ဝါရီ၉ရက်)သတင်းထုတ်ပြန်သည်။
ဇန်နဝါရီအတွင်း စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၆ဦး၊ လက်နက် ကြီးပစ်ခတ်မှုကြောင့် ၇ဦးနှင့် မတရားသတ်ဖြတ်ခံရမှုကြောင့် ၂ဦး စုစုပေါင်း ၅၅ဦး အသက်ဆုံးရှုံးခဲ့ ပြီး အမျိုးသမီး၅၄ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“စစ်တပ်က တော်လှန်ရေးဧရိယာထဲကအရပ်သားတွေကိုပဲ အဓိကပစ်မှတ်ထားပြီး လေကြောင်း တိုက်နေတယ်။ပြည်သူတွေ အနေအထိုင်ပျက်မယ်။သေဆုံး၊ဒဏ်ရာရမယ်။နေ့စဉ် ဘယ်တော့ဗုံးလာ ကြဲမလဲဆိုပြီး ကြောက်လန့်နေမယ်။စစ်တပ်က အဲဒီလိုဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တာ။ လေ ကြောင်းတိုက်နေတာကို တော်လှန်ရေးဘက်က ဘာမှ မတုံ့ပြန်နိုင်ဘူး။မကြဲအောင် ပြန်မခြိမ်း ခြောက်နိုင်ဘူး။အဲဒါကြောင့် ပြည်သူတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လေကြောင်းရန်ကာကွယ် ရေးအသိတွေ၊ကာကွယ်ရေးလုပ်ငန်းတွေနဲ့ ဗုံးခိုကျင်းတွေကို သေချာလုပ်ပေးဖို့လိုတယ်”ဟု နယ်စပ် ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
ဇန်နဝါရီလ အသက်ဆုံးရှုံးသူများထဲတွင် အသက်၁၈နှစ်အောက် အမျိုးသမီး၄ဦးနှင့် ကိုယ်ဝန်ဆောင် ၂ဦး တို့ပါဝင် ပြီး စစ်ကိုင်းတိုင်းအတွင်း အယောက်၂၀ဖြင့် အသက်ဆုံးရှုံးမှုအများဆုံးဖြစ်ကြောင်း BWU က ထုတ်ပြန်ထားသည်။
ဒဏ်ရာရရှိသူများအနက် ၄၁ဦးမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်ဖြစ်ပြီး လက်နက်ကြီးပစ် ခတ်ခံရမှုကြောင့် ၃ဦး၊ မြေမြှုပ်မိုင်းကြောင့် ၅ဦးနှင့် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအ ကြမ်းဖက်ခံရမှုကြောင့် ၅ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ၂၂ရက်က ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ ကောင်ဂျာရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်သဖြင့် အသက်ဆုံးရှုံးသူများထဲတွင် အမျိုးသမီး ၈ဦး ပါဝင်ပြီး ယင်းသည် ဇန်နဝါရီလအ တွင်း အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်ကြောင်း BWU က ဆိုသည်။
၂၀၂၅ တစ်နှစ်တာအတွင်း စစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုတို့ကြောင့် အမျိုးသမီး ၇၉၂ဦး အသက်ဆုံးရှုံးခဲ့ကြောင်းလည်း BWU က ထုတ်ပြန်ထားသည်။
၂၀၂၅စက်တင်ဘာမှ ဒီဇင်ဘာအထိ ၄လအတွင်း စစ်တပ်ကျူးလွန်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၇၁၂ခုရှိခဲ့ပြီး ယင်းအနက် ၆၄ရာခိုင်နှုန်းကျော်မှာ အရပ်သားများကို ပစ်မှတ်ထား တိုက် ခိုက်ခြင်းဖြစ်ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။
