ဘင်္ဂလားဒေ့ရှ် ပါလီမန်ရွေးကောက်ပွဲတွင် BNP ပါတီ အနိုင်ရ

ဓာတ်ပုံ - Reuters
ပုံစာ - BNP ပါတီခေါင်းဆောင် အသက် ၆၀ အရွယ် တာရစ် ရာမန် (အလယ်) အား ဖေဖော်ဝါရီ ၉ ရက်နေ့က မြို့တော်ဒါကာအတွင်း မဲဆွယ်စည်းရုံးမှုတစ်ခု၌တွေ့ရစဉ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပါလီမန်ရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) က အနိုင်ရရှိသွားကြောင်း ယနေ့ဖေဖော်ဝါရီ ၁၃ ရက်တွင် ဒေသတွင်း ရုပ်သံဌာနများက ဖော်ပြကြသည်။

မဲများကို ဖေဖော်ဝါရီ ၁၂ ရက် ရက်ကောက်ပွဲအပြီး ညပိုင်းကပင် စတင်ရေတွက်ခဲ့ကြသည်။

အဆိုပါ ပါလီမန်ရွေးကောက်ပွဲသည် ကာလရှည်ကြာ အာဏာရယူခဲ့သော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီးနာကို ရာထူးမှဖြုတ်ချခဲ့သည့် ၂၀၂၄ ခုနှစ် Gen Z ဦးဆောင်သော လူထုအုံကြွမှုနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်နေရာ ၃၀၀ ရှိသော “ဂျာတီယာ ဆန်ဆတ်” (Jatiya Sangsad) ခေါ် အမျိုးသားလွှတ်တော်၌ BNP ပါတီသည် အမတ်နေရာ ၁၈၅ နေရာအထိ အနိုင်ရရှိထားကြောင်း ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်တွင် ရုပ်သံလိုင်းများတွင် ဖော်ပြခဲ့ရာ အစိုးရဖွဲ့ရန် လိုအပ်သည့် မဲအများစုကို အလွယ်တကူ ရရှိသွားခဲ့ခြင်းဖြစ်သည်။

မဲရေတွက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ်အတွင်း BNP ခေါင်းဆောင်များက ၎င်းတို့ပါတီအနေဖြင့် အမတ်နေရာ ၂၀၀ အထိ အနိုင်ရရှိပြီး သုံးပုံနှစ်ပုံအင်အားဖြင့် အပြတ်အသတ် အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

BNP ပါတီကို ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းအစားဆုံးဖြစ်သူ အသက် ၆၀ အရွယ် တာရစ် ရာမန် က ဦးဆောင်နေပြီး သူသည် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာနှင့် သမ္မတဟောင်း ဇီယာအာ ရာမန်တို့၏ သားဖြစ်သည်။

ပါတီ၏ မဲဆွယ်ကတိကဝတ်များတွင် ဆင်းရဲသော မိသားစုများအတွက် ငွေကြေးအကူအညီပေးရန်၊ ဝန်ကြီးချုပ်သက်တမ်းကို အများဆုံး နှစ်ကြိမ်ဖြစ်သည့် စုစုပေါင်း ၁၀ နှစ် သာ ကန့်သတ်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် စီးပွားရေး မြှင့်တင်ရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မူဝါဒများ ပါဝင်သည်။

BNP ၏ အဓိကပြိုင်ဘက်ဖြစ်သော ဂျာမတ်အီးအစ္စလာမ်မီ (Jamaat-e-Islami) ပါတီ၏ ခေါင်းဆောင် ရှာဖီကူ ရာမန်က ၎င်းတို့ရှုံးနိမိတ်ရှိကြောင်း ဝန်ခံခဲ့ပြီး ၎င်း၏ပါတီမှာ အမတ်နေရာ ၅၆ နေရာသာ ရရှိခဲ့သည်။

၎င်းက ဂျာမတ်ပါတီအနေဖြင့် အတိုက်အခံလုပ်ရန်သက်သက်ဖြင့် နိုင်ငံရေးလုပ်ဆောင်မည်မဟုတ်ဘဲ အပြုသဘောဆောင်သည့် နိုင်ငံရေးကိုသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

အနိုင်ရလဒ် အပြတ်အသတ် ထွက်ပေါ်ခဲ့သည့် ယခုရွေးကောက်ပွဲသည် နှစ်ပေါင်းများစွာအတွင်း ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံးသော အစစ်အမှန် ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲအဖြစ် ရှုမြင်ခံရသည်။

မဲပေးသူဦးရေသည် ၂၀၂၄ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲ၏ ၄၂ ရာခိုင်နှုန်းထက် ပိုမိုများပြားခဲ့သလို မဲပေးခွင့်ရှိသူ ၆၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချသည်။

ယခုရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလများအပါအဝင် ကိုယ်စားလှယ်လောင်း ၂,၀၀၀ ကျော် ပါဝင်ခဲ့ပြီး အနည်းဆုံး ပါတီပေါင်း ၅၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောကြောင့်လည်း နိုင်ငံ၏ စံချိန်တင်အရေအတွက် ဖြစ်သည်။

ရွေးကောက်ပွဲနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲကိုလည်း ကျင်းပခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုများတွင် ရွေးကောက်ပွဲကာလအတွင်း ကြားနေအိမ်စောင့်အစိုးရ ဖွဲ့စည်းရန်၊ လွှတ်တော်ကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍ နှစ်ရပ်ဖွဲ့စည်းရန်၊ အမျိုးသမီးများ၏ ပါဝင်မှုကို မြှင့်တင်ရန်၊ တရားစီရင်ရေး လွတ်လပ်ခွင့်ကို အားကောင်းစေရန်နှင့် ဝန်ကြီးချုပ်အတွက် သက်တမ်းနှစ်ကြိမ်သာ ကန့်သတ်ရန်တို့ ပါဝင်သည်။

ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဝန်ကြီးချုပ်ဟောင်း ဟာဆီးနားက ယခုရွေးကောက်ပွဲသည် ၎င်း၏ ပါတီအဝါမီလိဂ် ပါတီ မပါဝင်ဘဲနှင့် စစ်မှန်သော မဲပေးသူများ မပါဝင်ဘဲ ကျင်းပသည့် “သေချာစွာ စီစဉ်ထားသော လှည့်စားမှု” သာ ဖြစ်သည်ဟု ရှုတ်ချခဲ့သည်။