ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းနယ်မြေအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ငွေညှစ်ခံနေရသည့် ထိုင်းနိုင်ငံသား အမျိုးသမီး ၄ ဦးသည် ယခုအခါ ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ အမျိုးသမီး ၄ ဦးသည် ရွှေကုက္ကိုလ်ရှိ Apollo KTV တွင် အဓမ္မစေခိုင်းခံရပြီးနောက်၊ ပြီးခဲ့သည့် ရက်ပိုင်းက နယ်မြေရှင်းလင်းရေးသတင်းများကြောင့် သောင်ရင်းမြစ်ကမ်းနဖူးရှိ ဂိတ် ၂၃ အနီးသို့ ရွှေ့ပြောင်းခံခဲ့ရသူများ ဖြစ်သည်။
“ညီမလေး ၄ ယောက်လုံး ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်နေပါပြီ။ ဝိုင်းဝန်းကူညီပေးကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ကူညီဆောင်ရွက်ပေးနေသူများက လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
၎င်းတို့ပြန်လွတ်လာရေးအတွက် တစ်ဦးလျှင် ဘတ် ၃၀၀၀၀၀ ခန့် ပေးဆောင်ရန် လူကုန်ကူးဂိုဏ်းက ခြိမ်းခြောက်တောင်းဆိုထားသဖြင့် မိသားစုဝင်များက ထိုင်းအစိုးရနှင့် လူမှုကူညီရေးအသင်းများထံ အရေးပေါ် အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။
ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) နံနက်ပိုင်းတွင် ရရှိသော သတင်းများအရ ၎င်းတို့ ၄ ဦးစလုံးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမှ လွတ်မြောက်လာပြီဖြစ်ပြီး လုံခြုံစိတ်ချရသော နေရာတစ်ခုတွင် ရှိနေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မဲဆောက်-မြဝတီ နယ်စပ်ဂိတ်တွေကနေ လူတွေ အလွယ်တကူ ထွက်ခွာပြီး လူကုန်ကူးခံနေရတာကို တာဝန်ရှိသူတွေ လာဘ်စားထားလို့ မသိချင်ယောင်ဆောင်နေကြတာလား ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိပါတယ်။” ဟု မဲဆောက်နေထိုင်သူ ထိုင်းဒေသခံတစ်ဦးကဆိုသည်။
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ တရုတ်စီမံကိန်း ရွှေကုက္ကိုလ် မြို့သစ်သည် အွန်လိုင်းငွေလိမ်ဂိုဏ်း များသာမက လူကုန်ကူးမှုနှင့် ပြန်ပေးဆွဲမှုများ၏ ဗဟိုချက်ဖြစ်လာနေကြောင်း သုံးသပ်မှုများရှိသည်။
ယခုတစ်ကြိမ်တွင် ထိုင်းနိုင်ငံသူ အမျိုးသမီး ၄ ဦးကို “Apollo” အမည်ရှိ KTV တွင် အဓမ္မထိန်းသိမ်းကာ ငွေညှစ်နေခြင်းဖြစ်ပြီး၊ နယ်မြေခံ လက်နက်ကိုင်အဖွဲ့များ၏ ပါဝင်ပတ်သက်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ကျားဖြန့်အရေး လေ့လာသူတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသမီး ၄ ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အင်တာနက်မှတစ်ဆင့် ဝင်ငွေကောင်းသည် ဟူသော အလုပ်ခေါ်စာကို ယုံကြည်မိရာမှ မဲဆောက်-မြဝတီ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ရွှေကုက္ကိုလ်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
သို့သော် ကတိပေးထားသည့် အလုပ်အစား လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက ရွှေကုက္ကိုလ်ဒေသအနီး စစ်ဆင်ရေးဝင်ရောက်မည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
ထိုသတင်းကြောင့် လုပ်ငန်းရှင်များက ဖမ်းဆီးထားသူများကို ဂိတ် ၂၃ သောင်ရင်းမြစ်ကမ်းနဖူးရှိ အဆောက်အဦးတစ်ခုသို့ လျှို့ဝှက်ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဂိတ် ၂၃ သည် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားလေ့ရှိသော နေရာတစ်ခုဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
အကယ်၍ ငွေမပေးနိုင်ပါက ၎င်းတို့အား လာအိုနိုင်ငံ ရွှေတြိဂံဒေသ သို့မဟုတ် ကမ္ဘောဒီးယားနယ်စပ်ရှိ ပိုမိုရက်စက်သော ငွေလိမ်ဂိုဏ်းများထံ တဆင့်ပြန်လည်ရောင်းချမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လူကုန်ကူးခံရသူများ ကူညီကယ်ဆယ်ရေးကွန်ရက်နှင့် Natty Loves Myanmar တို့ ပူးပေါင်းကာ ထိုင်းဝန်ကြီးချုပ်ထံသို့ အရေးပေါ်စာ ပေးပို့ထားသည်။
ထိုင်းနိုင်ငံသားများ ကိုယ်တိုင် ပြန်ပေးဆွဲခံနေရသည့် ဤဖြစ်စဉ်သည် ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးနှင့် နယ်ခြားစောင့်တပ် (BGF) ၏ ရပ်တည်ချက်အပေါ် ထိုင်းအစိုးရက ဖိအားပေးလာနိုင်ဖွယ် ရှိနေသည်။
