ဟားခါးတွင် ပြည်ထောင်စုနေ့ပွဲက ပျော်ပါးပြီး ပြန်လာသည့် ရဲများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(ပုံဟောင်း)

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်ထောင်စုနေ့ပွဲတွင် ပျော်ပါးပြီး ပြန်လာသည့် ရဲများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးသည့်အပြင် ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက် ယမန်နေ့ည ၇ နာရီ ၁၅ မိနစ်ခန့်က ဟားခါးမြို့၊ မြို့တွင်းလမ်းတစ်နေရာတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲက ပြန်လာသည့် ရဲများကို ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF Hakha) က လက်နက်ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညမှာ သူတို့ သွားလာနေတဲ့နေရာတွေကို ကြိုသိထားတာပေါ့နော်။ ၃ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့တော့ သိထားရပါတယ်” ဟု CDF Hakha ဗဟိုကော်မတီဝင် အတွင်းရေးမှူးက MPA ကို ပြောသည်။

သေဆုံးသွားသည့် ရဲများ၏ ရာထူးနှင့် မည်သူမည်ဝါဖြစ်သည်ဆိုသော အသေးစိတ်အချက်လက်များကို CDF Hakha အနေဖြင့် မသိရှိရသေးသလို MPA အနေဖြင့်လည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

“ဟားခါးမှာ တာဝန်ကျသူ ရဲမင်းကြီးက သူ့လက်အောက်မှာရှိတဲ့ ရဲတွေကို တစ်နေ့ သိန်း ၃၀ ထက်မနည်း ပြည်သူတွေဆီကနေ မတရားလုယူခိုင်းပြီး ဗျူဟာမှူးကို ကန်တော့လေ့ရှိတယ်။ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ရခြင်းဖြစ်တယ်ဗျ” ဟု CDF Hakha ဗဟိုကော်မတီဝင် အတွင်းရေးမှူးက ပြောသည်။

ဟားခါးမြို့၌ နေထိုင်ကြသည့် ပြည်သူများထံမှ မတရား ငွေကြေးထပ်မံ ကောက်ခံပါက ယခုထက် ပိုမိုပြင်းထန်သည့် ပစ်ခတ်မှုများ၊ ဖောက်ခွဲမှုများ ထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း CDF Hakha က သတိပေးသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က‌စ၍ ဟားခါးမြို့အနီးနားရှိ တောတောင်ဒေသများအတွင်း ညနေ ၆ နာရီမှ နံနက် ၇ နာရီကြား ပြည်သူများ သွားလာလှုပ်ရှားခြင်း မပြုလုပ်ရန်လည်း ဖေဖော်ဝါရီ ၈ ရက်တွင် CDF Hakha က ကြေညာထားသည်။

ပြည်ထောင်စုနေ့ကပစ်ခတ်မှုအတွင်း ရဲများ/ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။