တော်လှန်ရေးထိုးစစ်များကို ပိုမိုပံ့ပိုးနိုင်ရေး ထောက်ပို့ရဲဘော်၁၀၀၀ ကမ်ပိန်း MFDMC စတင်

ဓာတ်ပုံ- MFDMC
ပုံစာ- တော်လှန်ရေးရန်ပုံငွေ ဘောလုံးပွဲတွင် MFDMC က ထောက်ပို့တပ်သားစည်းရုံးရေးနှင့် ရန်ပုံငွေ ပစ္စည်းရောင်းချနေစဉ်။(ပုံဟောင်း)

တော်လှန်ရေးမြေပြင်ထိုးစစ်များကို ပိုမိုအထောက်အပံ့ပြုနိုင်ရေးအတွက် ကိုရီးယားအခြေစိုက် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC က ထောက်ပို့ရဲဘော်၁၀၀၀ ကမ်ပိန်း ကို စတင်လုပ်ဆောင်နေကြောင်း သိရသည်။

NUG အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်အသိအမှတ်ပြု ကမ္ဘာ့ပထမဆုံးသော ပြည်ပရောက် ထောက်ပို့ရေးတပ်ဖွဲ့ဖြစ်သည့် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC သည် လက်ရှိ တောင်ကိုရီးယားနိုင်ငံတွင် ထောက်ပို့ရဲဘော် ၁၅၀၀ဝန်းကျင်ရှိပြီး နောက်ထပ်ထောက် ပို့ရဲဘော် ၁၀၀၀ ရည်မှန်းချက် အမြန်ဆုံးပြည့်အောင် ကြိုးပမ်းနေကြောင်း MFDMC တာဝန်ရှိသူထံက သိရသည်။

“မြေပြင်မှာလည်း SRA လို တပ်ပေါင်းစုတွေ ပေါ်ပေါက်လာတယ်။မြေပြင်ထိုးစစ်တွေ အရှိန်အဟုန်နဲ့ စနိုင်အောင် ကြိုးစားနေကြတဲ့အချိန်မှာ ကျနော်တို့ဘက်က ထောက်ပို့အင်အားကို ပိုပြီးတော့ တိုးမြှင့် ပြီးတော့ ထောက်ပို့နိုင်အောင် နောက်တစ်ဆင့်မြှင့်တဲ့သဘောပါ”ဟု MFDMC အတွင်းရေးမှူး ဦးကျော် ဆန်းက MPAသို့ ပြောသည်။

လက်ရှိတွင် MFDMC သည် တော်လှန်ရေးအတွက် လစဉ် ကျပ်သိန်း၅၀၀၀ ဝန်းကျင် ထောက်ပံ့လျက် ရှိရာ ထောက်ပို့ရဲဘော်၁၀၀၀ ထပ်တိုးလာပါက လစဉ် သိန်း၆၀၀၀ကျော် ထောက်ပံ့နိုင်မည်ဟု သိရ သည်။

MFDMC ၏ ထောက်ပို့ရဲဘော်တစ်ဦးသည် လစဉ် အနည်းဆုံးဝမ်၅သောင်း ထည့်ဝင်ရမည်ဖြစ်ပြီး ၆လ ကျော် ထည့်ဝင်ပြီးမှသာ ထောက်ပို့တပ်သားကတ် ထုတ်ပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာများထံမှလည်း လစဉ် ဘတ်၆သောင်းကျော် စုဆောင်းရရှိနေကြောင်း MFDMCက ဆိုသည်။

MFDMC ထောက်ပို့တပ်အနေနှင့် နွေဦးတော်လှန်ရေးအတွက် ကျပ် သိန်းပေါင်း ၁သိန်း၂သောင်း ကျော် လှူဒါန်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးအတွက် MFDMC ထံသို့ လာရောက်လှူဒါန်းသည့် ကိုရီးယားအဖွဲ့အစည်းများ လည်း ရှိသလို ရံဖန်ရံခါ လာရောက်လှူဒါန်းသည့် မြန်မာများလည်းရှိကြောင်း သိရသည်။

တောင်ကိုရီးယားတွင် MFDMC ၊ ODC နှင့် PRF ထောက်ပို့အဖွဲ့အစည်းများလည်း ရှိပြီး၂၀၂၂ ခုနှစ်၊ဖေဖေါ်ဝါရီ ၂၈ ရက်တွင် MFDMC ကို တရားဝင်ဖွဲ့စည်းခဲ့သည်။