ရွေးကောက်ပွဲဥပဒေကို စိတ်ကြိုက်ပြင်ဆင်ဦးမည်ဟု စစ်ကော်မရှင် ရွေးကော်ဥက္ကဋ္ဌပြော

ဓာတ်ပုံ-SAC
ပုံစာ-စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်အစည်းအဝေး

အတုအယောင် ရွေးကောက်ပွဲအား စစ်ကော်မရှင် စိတ်တိုင်းကျ ဥပဒေများဖြင့် ပြုလုပ်ခဲ့ပြီးနောက်၊ ဆက်လက်၍ ရွေးကောက်ပွဲဥပဒေအား ပြင်ဆင်မှုများ ပြုလုပ်ဦးမည်ဖြစ်ကြောင်း စစ်ကော်မရှင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြောဆိုမှုအား ယမန်နေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံး၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ဦးသိန်းစိုးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားသော်လည်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် အမြဲတမ်းရှင်သန်နေသည့် မဲဆန္ဒရှင်စာရင်း ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပေါ်တွင် အားသာချက်၊ အားနည်းချက်များကိုလည်း ပြန်လည်သုံးသပ်လျက်ရှိပြီး ဥပဒေ၊ နည်းဥပဒေပြင်ဆင်ရေး အပါအဝင် လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” ဟု စစ်ကော်မရှင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။

ထို့ပြင် ဦးသိန်းစိုးက ၎င်းတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် တရားမျှတကြောင်းနှင့် ယခင်ရွေးကောက်ပွဲများနှင့် မတူကြောင်းလည်း ပြောကြားခဲ့သည်။

“ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များကို ဖိတ်ကြား၍ ရွေးကောက်ပွဲအပိုင်းအားလုံးကို စောင့်ကြည့်လေ့လာခဲ့ကြပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ အောင်မြင်သည့် ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါကြောင်း” ဟုလည်း ဦးသိန်းစိုးက ဆိုသည်။

စစ်ကော်မရှင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယင်းသို့ ပြောဆိုနေသော်လည်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်သူအများစု မဲပေးခဲ့ခြင်းမရှိဘဲ အရပ်ဝတ်လဲထားသည့် စစ်ဗိုလ်ချုပ်များ၏ ကြံ့ခိုင်ရေးပါတီ အနိုင်ရရေးအတွက် စိတ်ကြိုက်ပြင်ဆင် ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

“ကြံ့ခိုင်ရေးအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ NLD မပါဘူး။ အဲဒီအပြင် ဒီရွေးကောက်ပွဲမှာ စီးပွားရေးသမားတွေ ငွေကြေးပုံအောပေးထားတဲ့ NDF လည်း ဖျက်သိမ်းခံရတယ်။ ဦးကိုကိုကြီးတို့ပါတီဆိုတာက ကြံ့ခိုင်ရေးတွေအတွက် ပြိုင်ဘက်မဟုတ်ဘူး။ ဒါက အိမ်ဖြည့်တွေ၊ PPP တို့၊ တစညတို့ရောပေါ့။ လူထုကလည်း ဒါကြောင့် သူတို့ကြိုက်တဲ့သူတွေ၊ ယုံတဲ့သူတွေ မရှိလို့ မဲမပေးဘူး။ ဒါဟာ သိသာပါတယ်။ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ သက်သက်လုပ်တဲ့ အတုအယောင် Shame Election တစ်ခုပါပဲ” ဟု ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ဒီဇင်ဘာ ၂၈ ရက်နှင့် ဇန်နဝါရီလအတွင်း ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲကို သုံးပိုင်းခွဲ၍ ပြုလုပ်ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲမတိုင်မီတွင် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့စိတ်ကြိုက် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်ဟု တစ်ဖက်သတ် ဆုံးဖြတ်ခြင်းမျိုးဖြင့် NDF ပါတီကို ဖျက်သိမ်းခြင်းကဲ့သို့ အခြေအနေများကို ဖန်တီးခဲ့သည်။

ထို့ပြင် PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခြင်း၊ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းအား တော်လှန်ရေးစကားလုံး သုံးနှုန်းသည်ဟုဆိုကာ ဖမ်းဆီးထောင်ချခြင်းများလည်း ပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲ သုံးပိုင်းလုံးတွင် ပြည်သူအများအပြား မဲလာမပေးသော်လည်း၊ မဲပေးခွင့်ရှိသည့် ပြည်သူ ၂၄ သန်းကျော်အနက် ၁၃ သန်းကျော် မဲလာပေးသည်ဟု လိမ်လည်ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ အတုအယောင် ရွေးကောက်ပွဲတွင် အာဏာသိမ်းစစ်တပ် စီစဉ်ထားသည့်အတိုင်း ကြံ့ခိုင်ရေးပါတီသာ အများစု အနိုင်ရသွားခဲ့ပြီး၊ ယခုအခါ စစ်ခေါင်းဆောင်အလိုကျ အတုအယောင် ရွေးကောက်ခံ အစိုးရအဖွဲ့တစ်ခု ဖန်တီးရန် ကြံစည်နေသည်ကိုလည်း တွေ့ရသည်။

ယင်းအပြင် လာမည့် ရွေးကောက်ပွဲများတွင်လည်း အာဏာသိမ်းစစ်တပ်အလိုကျ စိတ်ကြိုက် ရွေးကောက်ပွဲဥပဒေများ ဆက်လက်ပြင်ဆင်ရန်အတွက် ဦးသိန်းစိုးက နိုင်ငံရေးပါတီများကို အသိပေးလာခြင်းလည်း ဖြစ်သည်။