ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း စစ်ကော်မရှင်ဘက်က သိမ်းဆည်းရမိခဲ့သည့် Fiber Optic FPV (အသေခံဒရုန်း) နည်းပညာသည် စစ်ရေးလေ့လာသူများအကြား စိတ်ဝင်စားဖွယ်ရာ ဖြစ်လာသကဲ့သို့ စစ်တပ်လော်ဘီများအကြားတွင်လည်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ ဒရုန်းသည် သာမန်ဒရုန်းများကဲ့သို့ ရေဒီယိုလှိုင်းဖြင့် ထိန်းချုပ်ခြင်းမျိုးမဟုတ်ဘဲ အလွန်သေးငယ်သည့် ဖိုင်ဘာနန်းကြိုး (Fiber Optic Cable) ဖြင့် တိုက်ရိုက်ချိတ်ဆက် မောင်းနှင်ခြင်းဖြစ်သောကြောင့် စစ်ကော်မရှင်ဘက်က အားကိုးအားထားပြုနေရသည့် လှိုင်းဖြတ်တောက်ရေးစနစ် (Jammer) များဖြင့် ဟန့်တားနိုင်စွမ်းမရှိသည့် နည်းပညာအသာစီးရမှုတစ်ခု ဖြစ်ကြောင်း မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ဒီဒရုန်းအမျိုးအစားဟာ ဂျမ်မာတွေ ဘယ်လောက်ပဲရှိရှိ လှိုင်းအနှောင့်အယှက် လုံးဝမရှိဘဲ ပစ်မှတ်ကို တိတိကျကျ ဗုံးကြဲနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ အရင်ကတော့ စစ်ကော်မရှင်ဘက်က ဒရုန်းတွေကို ဂျမ်မာသုံးပြီး အီလက်ထရွန်နစ်နည်းနဲ့ ဖြတ်ချလို့ရတယ်လို့ တွက်ထားခဲ့တာပါ။ ဒါပေမဲ့ အခုလို နန်းကြိုးနဲ့ထိန်းတဲ့ နည်းပညာသစ်နဲ့ တွေ့လိုက်ရတဲ့အခါမှာတော့ သူတို့ရဲ့ ကာကွယ်ရေးစနစ်တွေဟာ ဘာမှလုပ်လို့မရတော့ဘဲ အသုံးမဝင်ဖြစ်သွားရတာပါပဲ” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် စစ်တပ်လော်ဘီများကိုယ်တိုင်က တော်လှန်ရေးအင်အားစုများ၏ နည်းပညာတိုးတက်မှုနှုန်းမှာ မိမိတို့ထက် သာလွန်နေပြီဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် အလန့်တကြား ရေးသားဝန်ခံလာကြခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
မြေပြင်တော်လှန်ရေးရဲဘော်များ၏ အဆိုအရ Fiber Optic ဒရုန်းများသည် ရုပ်ထွက်အလွန်ကြည်လင်သဖြင့် ရန်သူ့စခန်းများနှင့် ဘန်ကာများကို အနီးကပ်အထိ တိကျစွာ ထိုးဖောက်တိုက်ခိုက်နိုင်သည်ဟု သိရသည်။
ထို့ပြင် ချင်းပြည်နယ်နှင့် အခြားဒေသများတွင်လည်း နိုင်ငံခြားနည်းပညာရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ဒရုန်းနည်းပညာများ ပိုမိုမြင့်မားလာခြင်းကြောင့် ရှေ့တန်းရောက် စစ်ကော်မရှင်စစ်သားများအတွက် ဤဒရုန်းများသည် အချိန်မရွေး ကျရောက်လာနိုင်သည့် အိပ်မက်ဆိုးတစ်ခုသဖွယ် ခြိမ်းခြောက်လျက်ရှိနေခြင်းကြောင့် လော်ဘီများ ထိတ်လန်နေ့ခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။
“ဒီအခြေအနေကို ကြည့်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ တီထွင်နိုင်စွမ်းနဲ့ နည်းပညာလိုက်နိုင်တဲ့ အရှိန်ဟာ စစ်ကော်မရှင်ရဲ့ ယန္တရားထက် အများကြီး ပိုမြန်နေတယ်လို့ သုံးသပ်နိုင်တယ်။ ပြောရရင်တော့ တော်လှန်ရေးဘက်က နည်းပညာလိုက်ပါနိုင်မှုနှုန်းက စစ်ကော်မရှင်ထက် အပြတ်အသတ် သာနေပြီဆိုတာကို သက်သေပြနေတာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကော်မရှင်ဘက်က နည်းပညာမြှင့်တင်ရေးအတွက် ကြွေးကြော်နေသော်လည်း လက်တွေ့စစ်မြေပြင်တွင်မူ တော်လှန်ရေးဘက်က နည်းပညာအသာစီးရမှုက စစ်ရေးအလှည့်အပြောင်းများကို ဖန်တီးပေးနေခြင်းဖြစ်ကာ စစ်တပ်လော်ဘီများ၏ စိုးရိမ်တကြီး ရေးသားချက်များသည် ၎င်းတို့ရင်ဆိုင်နေရသည့် စစ်ရေးအကျပ်အတည်းနှင့် နည်းပညာပိုင်းဆိုင်ရာ နိမ့်ကျမှုကို ဖုံးကွယ်၍မရနိုင်တော့သည့် အခြေအနေကို ဖော်ပြနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
Fiber Optic ဒရုန်းများသည် စစ်မြေပြင်၏ ဗျူဟာမြောက် ကစားကွက်များကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်သည့် လက်နက်သစ်များ ဖြစ်လာကာ၊ နောင်လာမည့် တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုများအတွက် ပိုမိုထိရောက်သော စစ်ရေးရလဒ်များနှင့် အသာစီးရမှုများ ဖြစ်ပေါ်လာနိုင်မည်ဟု စစ်ရေးလေ့လာသူများက ခန့်မှန်းကြသည်။
စာတည်း-ကိုဆန်း
