တောင်ကြီးမြို့မှ စစ်တပ်ထောက်ခံသူတစ်ဦး၏ မောင်ဖြစ်သူအား စစ်တပ်က စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) ထဲ ထည့်ပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် ၂ နှစ်ကျော်ကြာသည်အထိ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက စစ်တပ်အပေါ် မကျေမနပ် ဖြစ်နေကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်ကာလအတွင်း တောင်ကြီးမြို့နေ စစ်တပ်ထောက်ခံသူ ရှေ့နေတစ်ဦးဖြစ်သည့် မလှိုင်ထိပ်ထားနွယ်၏ အသက် ၂၀ ကျော်အရွယ် မောင်ဖြစ်သူသည် စစ်တပ်၏ ပေါ်တာဆွဲခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။ ထိုသို့ခေါ်ဆောင်ရာတွင် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးတပ်ဖွဲ့ (စရဖ) ထဲသို့ ထည့်ပေးမည်ဟုဆိုကာ မိသားစုထံမှ လိမ်လည်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စရဖထဲ ထည့်ပေးမယ်ဆိုပြီး အမေ့ဆီကနေ ခေါ်သွားပြီး စစ်မှုထမ်းဥပဒေနဲ့ ထည့်လိုက်တာပါ။ အဲဒီအချိန်က ကိုယ်က သားငယ်လေးဆုံးတဲ့ကိစ္စနဲ့မို့ သေချာမလိုက်နိုင်ဘူး။ သိတဲ့အချိန်ကျတော့ လားရှိုးရောက်နေပါပြီ။ ပြန်ခေါ်လို့ လုံးဝမရပါဘူး” ဟု မလှိုင်ထိပ်ထားနွယ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
အဆိုပါ ပေါ်တာဆွဲခံရသည့် လူငယ်၏ ဖခင်သည် အာဏာသိမ်းစစ်တပ်မှ စစ်သားတစ်ဦးဖြစ်ကာ ရခိုင်ပြည်နယ်၌ သေဆုံးခဲ့သူဖြစ်ကြောင်း သိရသည်။ ပေါ်တာဆွဲခံရသူကိုမူ စစ်တပ်က လားရှိုးမြို့ရှိ ကုန်းညောင်တပ်သားသစ် သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။ ယင်းနောက် ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားလာပြီး တော်လှန်ရေးတပ်များက အဆိုပါသင်တန်းကျောင်းကို သိမ်းပိုက်လိုက်ချိန်တွင် ၎င်းတပ်သားသစ်ပါ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
“တစ်ယောက်ချင်းစီ လိုက်မဖြေနိုင်လို့ ဒီကနေပဲ ဖြေပါမယ်။ သူပုန်က ဖမ်းတာပါ။ ပျောက်တာ ၂ နှစ်နီးပါး ရှိပါပြီ။ ကုန်းညောင်တပ်သားသစ် သင်တန်းကျောင်းကြီး သိမ်းခံရတဲ့အထဲ ပါသွားတာပါ” ဟု မလှိုင်ထိပ်ထားနွယ်က ဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် မလှိုင်ထိပ်ထားနွယ်မှာ အာဏာသိမ်းစစ်တပ်အပေါ် အလွန်အမင်း မကျေမနပ် ဖြစ်နေပြီး သူမ၏ မောင်ဖြစ်သူ ဖမ်းဆီးခံထားရသည့်အတွက်လည်း ယူကျုံးမရ ဖြစ်နေသည်။ သူမက “မွေးကတည်းကနေ ဘောမလာတဲ့ ကောင်မကြီးကို ရေတောင်စစ်မသောက်ချင်တော့အောင် စိတ်နာအောင် လုပ်ပေးလို့ ဒီကျေးဇူးတွေကို တစ်သက်လုံး…ီးမှ မမေ့ပါဘူး” ဟု ပြင်းပြင်းထန်ထန် ထုတ်ဖော်ရေးသားခဲ့သည်။
အဆိုပါဖြစ်ရပ်အပေါ် အခြားသော စစ်တပ်ထောက်ခံသူများကလည်း မကျေမနပ် ဖြစ်လျက်ရှိကြောင်း သိရသည်။ “အမြန်ပြန်လာနိုင်ပါစေ ညီမလေး။ ဇာတ်တူသားစားတယ်ဆိုတာ အဲဒီလို ဆရာကြီးမျိုးကို ပြောတာ။ သူယုတ်မာများနှင့် ကင်းဝေးပါစေ ညီမလေး။ တကယ် စိတ်မကောင်းဖြစ်မိတယ်” ဟု စစ်တပ်ထောက်ခံသူ အမျိုးသမီးတစ်ဦးက မှတ်ချက်ပေးထားသည်။
“အခုဖြစ်စဉ်က ဘာကိုပြလဲဆိုရင် စစ်တပ်ဆိုတာ သူတို့လိုဘအတွက် ဘာကိုမှမကြည်ဘူးဆိုတာပဲ၊ အသိဉာဏ်မဲ့ပြီး စစ်တပ်ကိုထောက်ခံပြီးအခုမှ ကူမနိုင်ကယ်မရဖြစ်တော့မှ ဒေါသထွက်နေလဲအပိုပဲ၊ ကိုယ်လုပ်နိုင်တာ မလုပ်ခဲ့ဘဲနဲ့ အခုတော့ ခံလို့ပဲ ပြောရမယ်” ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက အခုဖြစ်စဉ်ကို မှတ်ချက်ပြုသည်။
အာဏာသိမ်းစစ်တပ်သည် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအပြီးတွင် စစ်မှုထမ်းဥပဒေကို အတင်းအကြပ် ပြဋ္ဌာန်းကာ တစ်နိုင်ငံလုံးမှ လူငယ်များကို အတင်းအကြပ် စစ်သားစုဆောင်းလျက် ရှိသည်။ ယင်းကြောင့် အာဏာသိမ်းစစ်တပ်အနေဖြင့် ပြီးခဲ့သည့် နှစ်နှစ်ခွဲကျော်အတွင်း စစ်အင်အား တစ်သိန်းကျော်အထိ စုဆောင်းနိုင်ခဲ့သလို၊ အဆိုပါ စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ စစ်တပ်ဘက်တော်သားများက ပြည်သူများထံမှ ငွေညှစ်သည့် ဖြစ်စဉ်ပေါင်းများစွာလည်း ရှိခဲ့သည်။
ယခု ပေါ်တာဆွဲခံရသူ လူငယ်သည် ၁၀၂၇ ပထမပိုင်းနှင့် ဒုတိယပိုင်းအကြား ယာယီအပစ်ရပ်ကာလတွင် အာဏာသိမ်းစစ်တပ်၏ ပေါ်တာဆွဲခြင်းကို ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
စာတည်း-ကိုဆန်း
