ထမင်းလွတ်ရူးပြပြန်တဲ့ ဒေါက်တာမင်းအောင်လှိုင်

၁၉၆၂ခုနှစ်၊စစ်တပ်က အာဏာသိမ်းလိုက်ပြီးမကြာ နေဝင်း မြန်မြန်ဆန်ဆန် ဖော်ဆောင်ခဲ့မှုတစ် ခုမှာ တခြာကုလားထိုင်တွေထက် ပိုမြင့်တဲ့ အထူးကုလားထိုင်တစ်လုံး ဆောက်လုပ်ခဲ့ခြင်းဖြစ်တယ်။

မြန်မာမှာ ဘယ်နေရာမှာမှ မရှိတဲ့ တခြားကုလားထိုင်တွေထက် ၉လက်မပိုမြင့်သော အထူးကုလား ထိုင်။ နေဝင်းက အဲဒီအထူးကုလားထိုင်ပေါ်မှာ ကျကျနန ထိုင်ကာ သူမတူတဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး အဖြစ် သူ့ကိုယ်သူသိဒ္ဓိတင်၊ပြိုင်ဘက်မရှိ နံပါတ်ဝမ်းဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့တယ်။

အာဏာသိမ်းပြီး သိပ်မကြာခင် ဒီလိုအထူးကုလားထိုင်မျိုး ဆောက်လုပ်ခဲ့တာဆိုတော့ ငါသာ အာ ဏာသိမ်းနိုင်ခဲ့ရင် ဒီလိုကုလားထိုင်မျိုးနဲ့ထိုင်ပစ်လိုက်မယ်လို့ တင်ကြိုအိပ်မက်ရှိခဲ့ဖူးတဲ့ပုံ။နေဝင်းက အဲဒီ အထူးကုလားထိုင်ကြီးအပေါ် ဘယ်လောက်ထိ ရူးသလဲဆိုတော့ မြန်မာနိုင်ငံအတွင်း ဘယ်နေရာသွားသွား တ ကူးတက သယ်သွားလေ့ရှိပြီး သူသွားတဲ့နေရာကို အဲဒီကုလားထိုင်ကြီး ရောက်မှသာ ထိုင်လေ့ရှိတယ်လို့ ရှေ့မီ နောက်မီတို့က ဆိုတယ်။

ဒါနဲ့ ကုလားထိုင်ကြီးသယ်ရပြုရ အလုပ်ရှုပ်ရချည့်ဆိုပြီး နေဝင်း မကြာခဏသွားတတ်တဲ့ ဒေသ တွေ မှာ ပုံစံတူအထူးကုလားထိုင် တည်ဆောက်ထားဖို့ တပည့်တပန်းတွေက အကြံပြုကြတော့ သူမရှိတဲ့ အ ချိန် တစ်ယောက်ယောက် တက်ထိုင်မှာစိုးတာကြောင့် ငြင်းဆန်တယ်။ ပြောရရင် သူ့နောက်ကွယ်မှာတောင် တခြားတစ်ယောက်ယောက် ထိုင်တာမျိုးကို လက်မခံနိုင်။ ဒီလိုကုလားထိုင်မျိုး သူတစ်ဦးတည်းသာ ထိုင်ခွင့်ရှိ တယ်ဆိုတဲ့ ပြင်းပြင်းပြပြ စိတ္တဇ။သူတီထွင်ခဲ့တဲ့ အထူးကုလားထိုင်ကို ပဒေသရာဇ်ခေတ် ဘုရင်တွေသာထိုင် ခွင့်ရှိတဲ့ပလ္လင်လို သဘောထားတဲ့ပုံ။သူသည်လည်း ဘုရင်တွေနဲ့မခြာတဲ့ အာဏာရှင်မဟုတ်လား။

၁၉၇၄ခုနှစ်၊နေဝင်းရဲ့ တီထွင်ချက် ပြည်သူ့လွှတ်တော်ကြီး ဖြစ်ပေါ်လာတော့ လွှတ်တော် ခန်းမကြီးထဲ နေဝင်းခန့် လွှတ်တော်အမတ်တွေထိုင်ဖို့ ဆိုဒ်တူ တပြေးညီကုလားထိုင်တွေရဲ့ရှေ့မှာလည်း ၉လက်မပိုမြင့်တဲ့ အထူးကုလားထိုင်ကြီးက ကြွားကြွားဝင့်ဝင့်။

အဲဒီလို အာဏာရှင်မျိုးစေ့က တစ်ဦးတည်း ပြိုင်ဘက်မရှိ၊တန်းတူဆိုတာမျိုးမရှိ၊ငါသာလျှင် နံပါတ် တစ်ဆိုတဲ့ ဗီဇကို အကောင်းဆုံးပျိုးထောင်နိုင်ခဲ့လေတော့ ဒုတိယအာဏာရှင်သန်းရွှေလက်ထက်ရောက် တော့ လည်း ပြိုင်ဘက်မရှိစံချိန်ကို အမြင့်ဆုံး ဆက်လက်လွှင့်ထူနိုင်ခဲ့တယ်။သန်းရွှေကလည်း ဘယ်လောက် တောင် ဘဝင်ရူးခဲ့သလဲဆိုရင် တိုင်းပြည်ရဲ့အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်းကိုတောင် ‘ဒီငတိ ငါ့လောက် မစွံပါ ဘူး”လို့ ပြောခဲ့ဖူးကြောင်း စစ်အုပ်စုအသိုင်းအဝိုင်းကြားကပဲ သတင်းထွက်ခဲ့ဖူးတယ်။

ပြိုင်ဘက်ဖြစ်လာနိုင်ခြေရှိသူ မှန်သမျှကို အကုန်ရှင်းပစ်တယ်။ထုံထိုင်းထိုင်းရုပ်နဲ့၊ ကွမ်းလေးတမြုံ့မြုံ့ နဲ့၊ သူ့လက်အောက်စစ်ဗိုလ်ချုပ်တွေ မှန်သမျှကို သူ့စစ်တုရင်ခုံပေါ်က အရုပ်ကလေးတွေပမာ အကွက်ရွှေ့ရ တာလည်း ဝါသနာကြီးတဲ့ပုံ။ပြီးတော့ သူ့လက်အောက်ငယ်သားမှန်သမျှ သူ့လက်ညှိုးညွှန်ရာမှာ ရွှေလည်းဖြစ် နိုင်သလို ဘဝလည်းပျက်နိုင်ကြောင်း ထုတ်ဖော်ပြသရတာကိုလည်း အရသာတွေ့ခဲ့ပုံ ရတယ်။

ဒါ့အပြင် သူမတူဘူးဆိုတဲ့ ဘုရင်လည်း ရူးပြန်တော့ ငါလုပ်ရင်ဘာမဆို ဖြစ်တယ်ဆိုပြီး နေပြည်တော် မြို့သစ်ကို ရအောင်တည်ခဲ့သေးတယ်။ပြီးတော့ သူတို့လုပ်တာမှန်သမျှကို ကောင်း၏၊မှန်၏၊ထောက်ခံကြ၏ ဆိုတာမျိုး ၁၉၇၃ခုနှစ်က ပြုလုပ်တဲ့ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို မဲပေးပြည်သူ ၉၀ဒဿမ၁၉ ရာခိုင် နှုန်းက ထောက်ခံခဲ့ကြောင်း နေဝင်းက ကြေညာခဲ့ဖူးသလို ၂၀၀၈အခြေခံဥပဒေကို မဲပေးပြည်သူ ၉၂ဒဿ မ၄၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း သန်းရွှေက ထုတ်ပြန်ကာ နေဝင်းထက် သာပြခဲ့သေးတယ်။

နေဝင်းနဲ့ သန်းရွှေရဲ့ နောက်ထပ်တူညီချက်က မီဒီယာတွေကို အဖက်မလုပ်ခြင်းပါပဲ။သူတို့၂ဦးစ လုံးက အာဏာရှင်ပီသစွာ မီဒီယာတွေနဲ့ ဝေးဝေးရှောင်တယ်။ပြီးတော့ ပြည်သူတွေကို မိန့်ခွန်းပြောတာတွေ လည်း ခပ်ရှားရှား။ အာဏာအတွက် လူသတ်ဖို့ရာ ဝန်မလေးကြသလို အာဏာအတွက် ယတြာချေ၊အကြားအ မြင်မေးရတာလည်း ကြိုက်မှကြိုက်။ ကိုယ့်ကိုယ်ကိုယ် ဘုရင်လိုလို ထင်ယောင်ထင်မှားစိတ်ကလည်းကြီး တော့ ဘုရားလည်း တည်ကာ ဘုရားဒကာဘွဲ့လည်း ခံခဲ့ကြတယ်။

နေဝင်းရဲ့ အားသာချက်တစ်ခုက ရဲဘော်သုံးကျိပ်တွေဘာတွေဖြစ်ဖူးပြီး နိုင်ငံရေးယောင်ယောင် လည်း လုပ်ခဲ့ဖူးတာကြောင့် သမိုင်းဆိုတာကို သတိထားတတ်တယ်။အဲဒါကြောင့်လည်း ၁၉၆၂ခုနှစ်၊သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးဖို့ သူ အမိန့်ပေးခဲ့တာမဟုတ်ဘူးလို့ တွင်တွင်ငြင်းခဲ့တယ်။

သန်းရွှေကတော့ စစ်တပ်ထဲကြီးပြီး အဆင့်ဆင့်ရာထူးတိုးကာ အာဏာရှင်ဖြစ်လာသူဆိုတော့ သမိုင်း ဆိုတာကို အုတ်ကျင်းပြီး နောက်တစ်မှတ်တိုင်လို့သာ သိမှတ်ခဲ့ပုံရတယ်။သန်းရွှေဟာ အာဏာရှင်ပီသစွာ အာ ဏာလွတ်ကျမသွားစေရေးအတွက် သူ့ရုပ်နဲ့တူတဲ့ဘုရားဆင်းတုထုကာ ယတြာချေရဲတဲ့အထိ ဂိတ်ဆုံးခဲ့တယ်။ ရက်စက်ကြမ်းကြုတ်သူတစ်ဦးလည်း ဖြစ်ပေမဲ့ သန်းရွှေတစ်ခေတ်မှာ အာဏာဗဟိုချက်အထိ ကိုင်လှုပ်နိုင်စွမ်း တဲ့ လက်နက်ကိုင်လှုပ်ရှားမှု အားနည်းခဲ့တာကြောင့် ကံကောင်းထောက်မစွာနဲ့ပဲ နိုင်ငံတကာက မျက်စိကျ လောက်တဲ့ လူသတ်ဝိဇ္ဇာအဖြစ် ကမ္ဗည်းထိုးခံရမှုဘေးကနေ သက်သာရာရခဲ့တယ်။

အခုတော့ မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ကြွေးကြော်ခဲ့တဲ့ ဂိုဏ်းစတားမင်းအောင်လှိုင်။ အာဏာသိမ်းရဲ ရင် အာဏာရှင်ဖြစ်ပြီလို့ အလွယ်တွေးခဲ့ပြီး ဒုတိယအကျော့ ၁၀၂၇စစ်ဆင်ရေးက နေပြည်တော်အာဏာကို အရေးပေါ်ခန်း ထဲထိရောက်အောင် ပို့ပစ်ခဲ့တာကြောင့် မျက်ဖြူလန်။ တရုတ်ကြီးကောင်းမှုကြောင့်သာ အ သက်နဲ့ကိုယ် အိုးစားမကွဲသေးခြင်းဖြစ် တယ်။

မင်းအောင်လှိုင်ဟာ ရှေ့၂ဆက် အာဏာရှင်ကြီးတွေလိုပဲ အာဏာရူး၊ ဘုရားတည်၊လူသတ် ငါသည် သာ အမြင့်မြတ်ဆုံးလို့ ခံယူထားပေမဲ့ နိုင်ငံရေးအမျှော်အမြင် ခေါင်းပါးခဲ့တာကြောင့် နိုင်ငံတကာဝရမ်းပြေး လည်းဖြစ်၊ နေ့စဉ်ရက်ဆက် ပြည်သူသတ်နေတာတောင် အာဏာပိုင်စိုးမှုနယ်မြေက ဟိုတစ်တကွက်ဒီတစ် ကွက်ကနေ မတက်။ကျားမြီးကို ဆွဲမိထားပြီမို့ မထူးဇာတ်ခင်းရုံကလွဲ အခြားမဲ့။

ဒါ့အပြင် ရှေ့၂ဆက်နဲ့မတူတဲ့ မင်းအောင်လှိုင်ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှု နောက်တစ်ခုက မျက်နှာရူးရတာ ဝါသနာထုံခြင်းလို့ ဆိုရပါမယ်။မင်းအောင်လှိုင်က မျက်နှာရူးရဲလေတော့ သမ္မတအိမ်တော်ကြီးကိုလည်း အိန္ဒြေ မဆည်နိုင်အောင်ကြိုက်၊သမ္မတအဆောင်အယောင်တွေကိုလည်း ကြိုက်၊ သမ္မတဖြစ်ကြောင်း သက်သေပြ ချက် လွတ်ငြိမ်းခွင့်တွေလည်း ပေးလိုက်မယ်ဆိုတာချည်း။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘွဲ့ထူးဂုဏ်ထူးတွေ ချီး မြှင့်ရုံတင်မက တခြားသူတွေကိုလည်း ဘွဲ့ထူးဂုဏ်ထူးတွေ ပေါပေါလောလော ပျော်ပျော်ကြီး ပေးအပ်။

မင်းအောင်လှိုင်ဟာ စစ်ဗိုလ်ချုပ်တို့ ထုံးစံအတိုင်း မလုံခြုံမှုရောဂါလည်းရှိနေပြန်တယ်။ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ အသိစိတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အငြိုးတကြီး မုန်းတီးစိတ်ပြင်းထန်သလောက် သူ့မသိစိတ်ထဲမှာကျ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်စိတ်ကလည်း ထိန်းမနိုင်သိမ်းမရ ရှိနေပြန်တယ်။

မလုံခြုံမှုရောဂါ၊ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်စိတ်နဲ့ မူလအခံ မျက်နှာရူးခြင်းတို့ ပေါင်းဖက် လိုက်တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်လိုလုပ်ရင် ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်လာမလားဆိုပြီး စိတ်ကူးယဉ်။ပြည်သူကို မိန့်ခွန်းပြောလိုပြော၊ မြေပြင်မှာ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်၊ နိုင်ငံခြား သွားတဲ့အခါ ပြည်ပမီဒီယာတွေနဲ့ အင်တာဗျူးလုပ်။အခုနောက်ဆုံးပေါ် ဘာဆေးမှမမီတော့လောက်အောင် မျက်နှာရူးပြလိုက်တာကတော့ ကိုယ့်ကိုယ်ကိုယ်ရက်ရက်ရောရော ဒေါက်တာဘွဲ့ပေးအပ်ခြင်း။

ဖေဖေါ်ဝါရီ၅ရက်မှာ ရန်ကုန်တက္ကသိုလ်က မင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့် ခွဲမှု ပါရဂူဘွဲ့ ပေးအပ်လိုက်တယ်။ရန်ကုန်တက္ကသိုလ်ကပေးအပ်တယ်ဆိုပေမဲ့ မင်းအောင်လှိုင် လိုချင်လို့သာ ပေးအပ်ရမှန်း မြန်မာပြည်သား အခြေခံပညာ အလယ်တန်းအဆင့်ကျောင်းသားလောက်တောင် မျက်မှောင် ကြုတ်တွေးစရာမလိုဘဲ သိပြီးဖြစ်တယ်။

မင်းအောင်လှိုင် ခပ်တည်တည်ပဲ ဘွဲ့ဝတ်စုံကြီးစွပ်ကာ စာရွက်ဖတ်မိန့်ခွန်းတွေလည်း ခြွေပစ်တယ်။ ပြီးတော့ ရုရှား၊ထိုင်း၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေက ပညာရှင်လို့ဆိုတဲ့သူတွေကို တကူးတကဖိတ်ကြားပြီး ဂုဏ် ပြုစကား ပြောခိုင်းလိုက်သေးတယ်။

မင်းအောင်လှိုင်ဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်မှာ စိန်ခေါ်မှုတွေကို ဦးဆောင်ဦးရွက် စီမံခန့်ခွဲ နိုင်တာကြောင့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ရတာလို့ မင်းအောင်လှိုင်ခန့် ပညာရေးဝန်ကြီးက ဆိုတယ်။ မင်းအောင်လှိုင်တို့ အတင့်ရဲလိုက်ပုံက ဘွဲ့ပေးခြင်းအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲတောင် ပြုလုပ်လိုက် သေး။

မင်းအောင်လှိုင်ရဲ့ ပါရဂူမြောက် စီမံခန့်ခွဲနိုင်စွမ်းက ရှေ့သို့ချီနေတဲ့တိုင်းပြည်လည်း အာဏာသိမ်းပြီး သိပ်မကြာ ကျွမ်းထိုးမှောက်ခုံ၊ တော်လှန်ရေး အင်အားစု သိမ်းပိုက်စိုးမိုးဧရိယာက မနည်း။အာဏာမသိမ်းခင် က အခေါက်ရွှေတစ်ကျပ်သား ၁၃သိန်းသာရှိခဲ့ရာမှ အခု ကျပ်သိန်း၁၀၀ကျော်။ကုန်ဈေးနှုန်းတွေတက်လိုက် တာမှ ကြောက်ခမန်းလိလိ။

ဒါပေမဲ့၊မင်းအောင်လှိုင်က ထိန်းမနိုင်သိမ်းမရ မျက်နှာရူးတော့လည်း အမြှောက်အပင့်ကျွမ်းတဲ့ တပည့် တပန်းတို့လက်ချက်နဲ့ သူ့ကိုယ်သူ ပါရဂူဘွဲ့ရထိုက်သူ ပါရဂူမြောက်စီမံခန့်ခွဲနိုင်သူအဖြစ် ယုံယုံကြည်ကြည် မှတ်ယူနေမှာ သေချာ တယ်။

နေဝင်းနဲ့ သန်းရွှေတို့ထက် မင်းအောင်လှိုင်သာတာ အဲဒါပဲ။မျက်နှာရူးရဲချက်က ကမ်းကုန်တယ်။

ကိုးကား-ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ(ကြေးမုံဦးသောင်း)