တီမောသံရုံး ယာယီတာဝန်ခံကို ၇ ရက်အတွင်း မြန်မာနိုင်ငံမှ ထွက်ခွာရန် စစ်ကော်မရှင် ညွှန်ကြား

မြန်မာနိုင်ငံရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အလီစီယို ဒီရိုဆာရီယို ဒီဆော်ဆာ ကို နိုင်ငံအတွင်းမှ ၇ ရက်အတွင်း ထွက်ခွာရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)တွင် အမိန့်ထုတ်ပြန်လိုက်သည်။

အဓိကအကြောင်းအရင်းမှာ တီမောလက်စ်တေ သမ္မတအနေဖြင့် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည်ဟု ဆိုကာ ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်။

“တီမောဘက်ကလည်း တုံ့ပြန်မှုအနေနဲ့ သူတို့နိုင်ငံမှာရှိတဲ့ မြန်မာသံတမန်တွေကို ပြန်လွှတ်တာမျိုး ဒါမှမဟုတ် နှစ်နိုင်ငံသံတမန်အဆင့်ကို အနိမ့်ဆုံးအထိ လျှော့ချပစ်တာမျိုး လုပ်လာနိုင်ပါတယ်။ အခြေအနေ ပိုဆိုးလာရင် နှစ်နိုင်ငံ သံရုံးတွေကို ယာယီ ဒါမှမဟုတ် အပြီးအပိုင် ပိတ်သိမ်းတဲ့အထိ ဖြစ်သွားနိုင်ပါတယ်” ဟု နိုင်ငံတကာအရေး လေ့လာနေသူတစ်ဦးက ဆိုသည်။

အထူးသဖြင့် တီမောလက်စ်တေ အစိုးရသည် မြန်မာနိုင်ငံရှိ တော်လှန်ရေးအဖွဲ့အစည်းများ၊ အတိုက်အခံအင်အားစုများနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့ခြင်းကို စစ်ကော်မရှင် ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

တီမောအစိုးရအနေဖြင့် အာဆီယံ၏ အခြေခံမူများကို လိုက်နာရန်နှင့် မြန်မာ့ပြည်တွင်းရေးကို မစွက်ဖက်ရန် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ဆက်လက်လုပ်ဆောင်နေသဖြင့် ယခုကဲ့သို့ “persona non grata” (လက်မခံနိုင်သောသူ) အဖြစ် သတ်မှတ်ကာ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကော်မရှင် ထုတ်ပြန်ချက်တွင် ဆိုထားသည်။

တီမောသံရုံး ယာယီတာဝန်ခံအနေဖြင့် လာမည့် ဖေဖော်ဝါရီလ ၂၀ ရက် နောက်ဆုံးထားပြီး မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာသွားရမည်ဖြစ်သည်။

“ဒီလုပ်ရပ်ဟာ စစ်ကော်မရှင် အတွက်တော့ ငါတို့စကား နားမထောင်ရင် နှင်ထုတ်မယ် ဆိုတဲ့ ပုံစံကို ပြသတာဖြစ်ပေမဲ့၊ ကမ္ဘာ့မျက်နှာစာမှာတော့ မြန်မာနိုင်ငံဟာ ပိုပြီး အထီးကျန်သွားတဲ့ နိုင်ငံ ဖြစ်သွားစေမှာပါ” ဟု တော်လှန်ရေးရဲဘော် လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။

စစ်ကော်မရှင် ဘက်က တီမော၏ ရပ်တည်ချက်များ ပြောင်းလဲခြင်း မရှိပါက ယခုထက် ပိုမိုပြင်းထန်သည့် အစီအမံများကို ထပ်မံချမှတ်သွားမည်ဟု သတိပေးထားသည်။ ယခုလုပ်ရပ်သည် မြန်မာနှင့် တီမောလက်စ်တေ နှစ်နိုင်ငံကြား သံတမန်ရေးရာ ဆက်ဆံရေးကို အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားစေသည့် ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်အာဏာပိုင်များ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တီမောတရားရေးအာဏာပိုင်များထံ တရားဝင် တိုင်တန်းအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်ကြားမှုကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် တီမောရှေ့နေချုပ်ရုံးက တရားဝင် လက်ခံခဲ့ပြီးဖြစ်သည့်အတွက် ယခုကဲ့သို့ သံတမန်ရေးရာ တင်းမာမှုများ ပိုမိုမြင့်တက်လာရခြင်း ဖြစ်သည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံ မဖြစ်ခင်ကပင် တီမောနိုင်ငံသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး စစ်ကော်မရှင်ကို ပြင်းထန်စွာ ဝေဖန်မှုပြုလုပ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် ယမန်နှစ် အောက်တိုဘာလ၌ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သော်လည်း စစ်ကော်မရှင်ကို တရားစွဲဆိုမှုအား တီမောတရားရုံးက လက်ခံပေးခဲ့ခြင်းဖြစ်သည်။

စာတည်း-ကိုဆန်း