ယခုနှစ် ဆောင်းရာသီ အီတလီအိုလံပစ် အားကစားသမားရွာ၌ ကွန်ဒုံး ပြတ်လပ်မှုဖြစ်ပွား

၂၀၂၆ ခုနှစ်၊ အီတလီနိုင်ငံတွင် ကျင်းပလျက်ရှိသော ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲ၌ အားကစားသမားများအတွက် အခမဲ့ဖြန့်ဝေပေးသည့် ကျန်းမာရေးသုံး ကာကွယ်မှုပစ္စည်းများမှာ ပြိုင်ပွဲစတင်ပြီး ပထမပတ်အတွင်းမှာပင် ပြတ်လပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်ရပ်မှာ အိုလံပစ်ပြိုင်ပွဲ၏ သမိုင်းစဉ်တစ်လျှောက် ထူးခြားသည့် အခြေအနေတစ်ရပ် ဖြစ်လာခဲ့ပြီး ကမ္ဘာ့မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

အီတလီနိုင်ငံထုတ် La Stampa သတင်းစာ၏ ဖော်ပြချက်အရ Cortina အားကစားသမားရွာအတွင်း ဖြန့်ဝေရန် ပြင်ဆင်ထားသော ပစ္စည်းအရေအတွက် ၁၀,၀၀၀ ခန့်မှာ သုံးရက်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားဦးရေ ၂,၈၇၁ ဦး ရှိသဖြင့် တစ်ဦးလျှင် ပျမ်းမျှ သုံးခုနှုန်းခန့်သာ စီစဉ်ထားခြင်းဖြစ်ရာ ၂၀၂၄ ခုနှစ်၊ ပါရီအိုလံပစ်ပြိုင်ပွဲ၌ တစ်ဦးလျှင် အခုရေ ၃၀ ခန့်အထိ ဖြန့်ဝေခဲ့သည့် အချိုးအစားနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းနေသည်ကို တွေ့ရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Athletic သတင်းဌာနသို့ ပြောကြားရာတွင် အားကစားသမားရွာများ၌ ယခုကဲ့သို့ ပစ္စည်းများ ယာယီပြတ်လပ်သွားရခြင်းမှာ ခန့်မှန်းထားသည်ထက် ပိုမိုများပြားသော လိုအပ်ချက်ကြောင့် ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

လက်ရှိတွင် လိုအပ်သော ပစ္စည်းများကို အားကစားသမားရွာများအားလုံးသို့ အမြန်ဆုံး ဖြည့်တင်းပေးလျက်ရှိကြောင်းလည်း အတည်ပြုခဲ့သည်။

Lombardy ဒေသအုပ်ချုပ်ရေးမှူး Attilio Fontana ကလည်း အိုလံပစ်ပြိုင်ပွဲများတွင် ယခုကဲ့သို့ ကာကွယ်မှုပစ္စည်းများ ဖြန့်ဝေပေးခြင်းသည် ၁၉၈၈ ခုနှစ်၊ ဆိုးလ်အိုလံပစ်ပြိုင်ပွဲကတည်းက စတင်ခဲ့သည့် ကျန်းမာရေးအသိပညာပေး အစဉ်အလာတစ်ခုဖြစ်ကြောင်းနှင့် လူငယ်အားကစားသမားများကြား ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်တွေ့ကျသော လုပ်ဆောင်ချက်သာဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မှတ်ချက်ပြုခဲ့သည်။

ပစ္စည်းများ ထပ်မံဖြည့်တင်းခြင်း မပြုနိုင်မီအချိန်တွင် အားကစားသမားများမှာ အပန်းဖြေခန်းများတွင် အချိန်ဖြုန်းခြင်းနှင့် PlayStation ဂိမ်းကစားခြင်းများဖြင့်သာ အပန်းဖြေနေကြရကြောင်း အမည်မဖော်လိုသည့် အားကစားသမားတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းစာများတွင် ဖော်ပြထားသည်။