ပြည်သူ့ဘဏ္ဍာဖြင့် လည်ပတ်နေသည့် မြန်မာ့အသံအား စစ်တပ်ဝါဒဖြန့်ယန္တရားတွင် ဆက်လက်အသုံးပြုရန် စစ်ကော်မရှင်ဝန်ကြီးချုပ် ညွှန်ကြား

ဓာတ်ပုံ-လူမှုကွန်ရက်

ပြည်သူ့ဘဏ္ဍာငွေများဖြင့် လည်ပတ်နေသော်လည်း အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် မြန်မာ့အသံ (MRTV) အား စစ်တပ်ဝါဒဖြန့်ယန္တရားတွင် ဆက်လက်အသုံးပြုရန်အတွက် စစ်ကော်မရှင်ဝန်ကြီးချုပ် ဦးညိုစောက ညွှန်ကြားကြောင်း သိရှိရသည်။

စစ်ကော်မရှင်ဝန်ကြီးချုပ် ဦးညိုစောသည် မြန်မာ့အသံ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်စဉ် ဝန်ထမ်းများအား ယင်းသို့ ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ “ခေတ်အဆက်ဆက် MRTV ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မီဒီယာကဏ္ဍမှ တာဝန်ကျေပွန်ခဲ့ကြသကဲ့သို့ မျိုးဆက်သစ်ဝန်ထမ်းများအနေဖြင့်လည်း သမိုင်းပေးတာဝန်များကို ကျေပွန်စွာ ဆက်လက်ထမ်းရွက်သွားကြရန် လိုအပ်ကြောင်း” ဟု ဦးညိုစောက ပြောသည်။

ထို့ပြင် စစ်ကော်မရှင်ဝန်ကြီးချုပ်က အတုအယောင်ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဝါဒဖြန့်ပေးနိုင်သည့်အတွက်လည်း မြန်မာ့အသံဝန်ထမ်းများအား မြှောက်ပင့်ချီးကျူးခဲ့သေးပြီး လွတ်လပ်၍ အမှီအခိုကင်းသည့် သတင်းမီဒီယာများက ဖော်ပြသည့် သတင်းမှန်များအား တန်ပြန်တိုက်ဖျက်ရန်အတွက်လည်း ညွှန်ကြားခဲ့သည်ဟု သိရသည်။

“တွေ့လိုက်ပါတယ်ခင်ဗျာ။ ထုံးစံအတိုင်းပေါ့၊ သူတို့ ရက်စက်ယုတ်မာသမျှကို မဖုံးကွယ်ပေးတဲ့ ကျွန်တော်တို့ သတင်းဌာနတွေရဲ့ သတင်းတွေကို တန်ပြန်တိုက်ဖျက်ဖို့ ပြောသွားတာကို။ မှတ်ချက် အထူးပေးစရာမလိုပါဘူး။ ဒီမြန်မာ့အသံဆိုတာ NLD တက်တော့ ကောက်ကပ်နီပြစ်၊ ကြံ့ခိုင်ရေးတက်ရင် ကောက်စိမ်းတဲ့ကောင်တွေလေ။ ဘယ်သူတက်တက် ဖော်လံဖားမယ့် အနုတ်စုတ်ကုတ်စုတ်တွေပါ” ဟု ပြည်တွင်းသတင်းထောက်တစ်ဦးက ပြောသည်။

မြန်မာ့အသံသည် လွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ခေတ်အဆက်ဆက် အစိုးရများ၏ လက်ကိုင်တုတ် ဝါဒဖြန့်ယန္တရားအဖြစ် ရပ်တည်ခဲ့သည့် နိုင်ငံပိုင်မီဒီယာ ဖြစ်သည်။ အဆိုပါ နိုင်ငံပိုင်မီဒီယာသည် ပြည်သူ့ဘဏ္ဍာငွေများကို သုံး၍ လုပ်ငန်းလည်ပတ်နေခြင်းဖြစ်သော်လည်း အုပ်ချုပ်သူများကိုသာ သစ္စာခံသည့် မီဒီယာဖြစ်ပြီး ယခုစစ်အာဏာသိမ်းကာလတွင်လည်း အာဏာသိမ်းစစ်တပ်အလိုကျ ဝါဒဖြန့်မှုများကို ပြုလုပ်နေလျက်ရှိသည်။

ယင်းအခြေအနေအပေါ် နိုင်ငံရေးလေ့လာသူတစ်ဦးက “နိုင်ငံပိုင်မီဒီယာဆိုတာ ပြည်သူ့အသံကို ကိုယ်စားပြုရမှာဖြစ်ပေမဲ့ အခုတော့ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို တရားဥပဒေနဲ့အညီဖြစ်သယောင် ဟန်ပြဖို့အတွက်ပဲ အသုံးချခံနေရတယ်။ ဦးညိုစော ပြောသွားတဲ့ သမိုင်းပေးတာဝန်ဆိုတာဟာ ပြည်သူကို လိမ်ညာဖို့ တာဝန်ပေးလိုက်တာပါပဲ။ ဒါဟာ မီဒီယာကျင့်ဝတ်တင်မကဘဲ လူသားချင်းစာနာမှုပါ ကင်းမဲ့နေတဲ့ ဝါဒဖြန့်ချိရေး လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်” ဟု သုံးသပ်ပြောကြားသည်။

ထို့ပြင် မြန်မာ့အသံသည် စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် သတင်းမှားများကို နေ့စဉ်ထုတ်လွှင့်နေရုံသာမက၊ တော်လှန်ရေးအင်အားစုများကို အကြမ်းဖက်သမားများအဖြစ် ပုံဖျက်ရန် အဓိကလက်နက်သဖွယ် အသုံးချခံနေရသည်။ ဝန်ထမ်းများအနေဖြင့်လည်း စစ်တပ်၏ ဖိအားအောက်တွင် ကိုယ်ပိုင်ရပ်တည်ချက်မရှိဘဲ ဝါဒဖြန့်ချိရေးစက်ရုပ်များသဖွယ် လုပ်ဆောင်နေရကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။

စစ်ကော်မရှင်က ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲတွင် MRTV သည် အဓိက ဝါဒဖြန့်ချိရေးမဏ္ဍိုင်ဖြစ်ခဲ့ပြီး၊ ပြည်သူများအကြား ရှုပ်ထွေးမှုများဖြစ်စေရန်နှင့် နိုင်ငံတကာကို လှည့်ဖြားရန်အတွက် သတင်းတု၊ သတင်းမှားများကို ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားကြသည်။

လက်ရှိတွင် မြန်မာ့အသံ၏ ထုတ်လွှင့်မှုများကို ပြည်သူအများစုက ယုံကြည်မှုမရှိတော့ဘဲ လွတ်လပ်သော သတင်းမီဒီယာများ၏ မြေပြင်သတင်းအမှန်များကိုသာ ပိုမိုအားထားနေကြသည့်အတွက် စစ်ကော်မရှင်အနေဖြင့် မီဒီယာစစ်ပွဲတွင် ရှုံးနိမ့်နေသည်ကို ပြသနေကြောင်းလည်း နိုင်ငံရေးလေ့လာသူများက ကောက်ချက်ချထားကြသည်။