[ Indept Photo Story ]
ညာဘက်လက်ကောက်ဝတ်ကစလို့ စစ်တပ်ဗုံးဆန်သင့် ဖြတ်ပစ်လိုက်ရတဲ့ ကလေးမက ကျောင်းမတက်ချင်တော့ဘူးလို့ ပြိုတော့မယ့်မိုးပမာ မသာမယာမျက်နှာထားနဲ့ သူ့ခံစားချက်ကို ပြောပြတယ်။
သူက ဒီပဲယင်းမြို့နယ်၊အိုးတိန်တွင်းရွာ အထက်တန်းကျောင်းက Grade 12ကျောင်းသူ။၂၀၂၅ခုနှစ်၊ မေလ၁၂ရက်၊စာသင်ခန်းတွေထဲ စာအံသံတွေ ချိုနေခိုက် ဒါ စာသင်ကျောင်းဆိုတာ သိရှိလျက် ကြောက်မက်ဖွယ် ထိုးစိုက်လိုက်တဲ့ ဗုံးမိုးတွေက အရှင်လတ်လတ် ဘဝများစွာကို အပိုင်းပိုင်းအပြတ် ပြတ်။ဆရာမ၂ဦးနဲ့ ကျောင်းသူ၊ကျောင်းသား ၂၂ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၂၀ဝန်းကျင်။ဒဏ်ရာရ သူတွေထဲ ရာသက်ပန်ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူက ၁၃ဦး။ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေ က G2၊ G3၊ G7နဲ့ G12 ကျောင်းသူ၊ ကျောင်းသားတွေလို့ သိရတယ်။
လက်တစ်ဖက်ဖြတ်လိုက်ရတဲ့ Grade 12ကျောင်းသူလေးကို ဒီတစ်နှစ်ကျောင်းဆက်တက်ပြီး စာမေး ပွဲအောင်သွားရင် အွန်လိုင်းကနေ တက္ကသိုလ်ဆက်တက်နိုင်ကြောင်း အားပေးကြပေမဲ့ သူကတော့ တုံ ဏှိဘာဝေ၊အဝေးဆီ ငေးရီနေတဲ့ မျက်လုံးတွေ မှိုင်းပျမှောင်ဝေ။
ဗုံးကြဲခံရတာ ကြာခဲ့ပေမဲ့ တစ်ရွာလုံး စာသင်ကျောင်းရှေ့ကနေ မဖြတ်၊စိတ်ဒဏ်ရာတွေက သေရာပါ နက်ခဲ့တာကြောင့် မဖြတ်ရဲကြသလို ဖြတ်လည်း မဖြတ်ချင်တော့ကြတာလို့ အိုးတိန်တွင်းရွာ ပကဖ တာဝန်ခံ ဦးမုတ်ဆိတ်က ပြောပြတယ်။
ကျောင်းဝင်းထဲကို အပြင်ကကြည့်ရင် ခြုံတွေနဲ့ ထူပိန်းနေတာမို့ ကျောင်းဆောင်တွေကို ထင်းထင်း ရှင်းရှင်း မမြင်။ကျောင်းဝင်းထဲမှာလည်း ဗုံးကြဲခံရတဲ့နေ့ကအတိုင်း လွယ်အိတ်တွေအပုံလိုက်၊ဖိနပ် လေးတွေလည်း တစ်ဖက်စီ ပြန့်ကျဲလို့။ ကျောင်းဆောင်တွေက ဗုံးဒဏ်ကြောင့် အမိုးတွေပျက်၊ အ တွင်းထဲမှာ အုတ်ကျိုးအုတ်ပဲ့၊ မှန်ကွဲစ၊ ကျောင်းသုံးစာအုပ်တွေနဲ့ မွစာကြဲ၊မြင်ရုံနဲ့ ထိတ်လန့်ဖွယ်။ဝင် ရောက်ရှင်းလင်းမယ့်သူမရှိ။တချို့ ဗုံးကြဲခံရပြီးနောက် တောထဲတောင်ထဲ ပြောင်းရွှေ့သွားကြပြီး နောက် ရွာထဲ ပြန်မဝင်။
“ခေါ်မရတဲ့ကလေးတွေလည်း အများကြီးပဲ။တောထဲတောင်ထဲမှာ နေနေကြတာပေါ့”လို့ ဦးမုတ် ဆိတ်က ဆက်ပြောပြတယ်။
ထုံးစံအတိုင်း စာသင်နေတဲ့ ကလေးတွေကို ရက်ရက်စက်စက်သတ်ရဲခဲ့ပြီးနောက် စစ်တပ်က ဝန်မခံ။ ထုံးစံအတိုင်းပဲ ကလေးတွေ အရှင်လတ်လတ် အသတ်ခံရတော့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်း ထန်စွာရှုတ်ချကြောင်း ကြေညာချက်ထုတ်ကာ နိုင်ငံကြီးသားပီသပြ။ပြီးတော့လည်း ထုံးစံမပျက် စုတ်တသတ်သတ်နဲ့ ထိုင်ကြည့်နေကြပြန်တော့ ခေတ်သစ်ကမ္ဘာမှာ ကြားရခဲတဲ့ မြေအောက်ကျောင်း ဆိုတဲ့ဝေါဟာရလည်း လက်တွေ့ကျကျ ထွက်ပေါ်လာရတော့တယ်။
ပြောရရင် စစ်တပ်က ကိုယ့်ပြည်သူကိုယ် ဗုံးကြဲသတ်နေရုံတင်မက တိုင်းပြည်ရဲ့ အနာဂတ် စာသင် ကျောင်းတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲနေခြင်းအပေါ် တားဆီးနိုင်စွမ်းမရှိတာကြောင့် ပညာသင်ကြား ခြင်းဆိုတာ မှောင်ခိုလုပ်ငန်းတစ်ခုပမာ မြေအောက်သို့ ဆင်းရတော့တယ်။
“တစ်ကမ္ဘာလုံးက မြင်ခဲ့ကြပါတယ်။မြဝတီနဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်ဂိုဏ်းတွေ တိုက်ကြီးတာကြီး တွေပေါ် ထီးထီးကြီးပေါ်လွင်နေပေမဲ့ ကျနော်တို့ကလေးတွေကတော့ စစ်တပ် တိုက်လေယာဉ်တွေ မမြင်အောင် မြေအောက်ထဲဆင်းပြီး စာသင်နေရတယ်”လို့ မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှား သူတစ်ဦးက ဆိုတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲပြီးရင်း ကြဲနေတာကြောင့် မြေပြင်မှာ စာသင်နေတဲ့ကလေးတွေအတွက် မိဘတွေခမျာ ရတတ်မအေးရှာ။ကိုယ့်သားသမီး ကျောင်းသွားတယ်ဆိုပေမဲ့ အချိန်မရွေး သေမင်းရဲ့ဆွဲခေါ်ရာနောက် ကောက်ကောက်ပါသွားနိုင်တာ ကြောင့် အခု မြေအောက်ကျောင်းမှာ စာသင်ကြားခွင့်ရတော့ စိတ်ဖြောင့်ရတယ်လို့ စစ်ကိုင်းတိုင်း ၊အညာဒေသတစ်နေရာက Grade 3 ကျောင်းသူတစ်ဦးရဲ့ မိခင်က ပြောတယ်။
“” စကားပြောစက်မှာ လေကြောင်းသတင်းတက်ပြီး ရုတ်ရုတ်ဖြစ်ပြီဆိုရင် ကိုယ်လည်း စိုးရိမ်ပူ ပန်မှုတော့ရှိတယ်။ ကိုယ်လည်း တောက်လျှောက် တစ်ခါတလေကျရင် တောထဲမှာ ရောက်နေတဲ့ အခါတွေ ဘာတွေဆိုရင်တော့ အများကြီးတော့ စိုးရိမ်ရတယ်။ ဘာလို့ဆို ဖြစ်ပျက်နေတာတွေက အများကြီးလေ။ ခုဆို ဘာပဲပြောပြော ၁၀၀ရာခိုင်နှုန်းမစိုးရိမ်ရတော့ဘူးလေ” လို့ မြေအောက် ကျောင်းကပေးတဲ့ လုံခြုံရေးကို အဲဒီလို ယုံကြည်ကြောင်း သူက ပြောတယ်။
ကလေးတွေ ဘေးမသီရန်မခ ပညာသင်ကြားနိုင်ရေး S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့် ရှောက်ရေးအဖွဲ့က မြေအောက်ကျောင်းတွေ ဆောက်လုပ်လှူဒါန်းနေတာ အခုဆိုရင် အညာ ဒေသ မြို့နယ်၄ခုမှာ မြေအောက်ကျောင်း ၄ကျောင်းမြောက်။
သေချာတာက မြေပေါ်က ပုံမှန်စာသင်ကျောင်းထက်စာရင် ကလေးတွေရော မိဘတွေပါ ဗုံး လာကြဲလည်း အသက်အန္တရာယ်တော့ ကင်းတယ်ဆိုတဲ့ ယုံကြည်စိတ်ရှိရှိနဲ့ စိတ်ဖြောင့်ဖြာင့် ပညာ သင်ကြားခွင့်ရတဲ့နေရာလေး။မြေအောက်ကျောင်းထဲရောက်ဖို့ လှေကားထစ် ၂၀လောက် ဆင်းရ တယ်။မြေအောက်ကျောင်းထဲ လေဝင်လေထွက်စနစ်က ပါပြီးသားဖြစ်သလို မြေအောက်ကျောင်းမို့ မြေအောက်အအေးဓာတ်က ရှိနှင့်ပြီးသားကြောင့်လို့ထင်တယ်။မြေအောက်ကျောင်းထဲ ရောက်သွား တာနဲ့ မြေပြင်အပူနဲ့ ကွဲပြားစွာ ခပ်အေးအေးအရသာ ခံစားရတာကြောင့် ကျောင်းသူ၊ကျောင်းသား တွေ မြေအောက်ထဲ ပူအိုက်မနေ၊မွန်းကျပ်နေခြင်းမရှိ။ မြေအောက်ကျောင်းတစ်ကျောင်းမှာ အတွဲ အဆက် နှစ်ခန်းတွဲ၊ တစ်ခန်းကို အယောက်၄၀ကျော် စာသင်နိုင်တာ တွေ့ရတယ်။
ဒါပေမဲ့၊မြေအောက်ကျောင်း များများ မဆောက်နိုင်တော့ အလှည့်ကျစာသင်နေရတဲ့ အခက်အခဲရှိ တယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောတယ်။
“ကျနော်တို့ ကျောင်းကြီးတွေမှာလို တစ်ပြိုင်တည်း သင်လို့ မရဘူးပေါ့နော်။ ကျနော်တို့ ကျောင်းသား ဦးရေအများကြီး ထည့်လို့မရတာပေါ့နော်။ အများကြီးဆောက်နိုင်ရင်တော့ ရတာပေါ့” လို့ ကိုစိုးမိုး အောင်က ဆိုတယ်။
အာဏာသိမ်းထားတဲ့ စစ်အုပ်စုလက်ထဲ တိုင်းပြည်စီးပွားရေးက ငရဲသို့ ဇောက်ထိုးပြေးနေလေတော့ ကုန်ဈေးနှုန်းဆိုတာကြီးက ဒီနေ့နဲ့ မနက်ဖြန်တောင်မတူ အညွန့်တလူလူတက်နေတာကြောင့် မြေ အောက်ကျောင်း စဆောက်တဲ့ ၂၀၂၅ဇွန်မှာ ကျောင်းဆောင်တစ်ဆောင်ရဲ့ကုန်ကျစရိတ်က ကျပ်သိန်း ၁၈၀ ဝန်းကျင်။ မိုးထိုး တက်နေတဲ့ ကုန်ဈေးနှုန်းအပြင် အညာဒေသ သွားရေးလာရေးအခက် သယ် ယူပို့ဆောင်ရေးစရိတ်ကလည်း နင့်နေတာမို့ အခု ၂၀၂၆ဇန်နဝါရီရောက်တော့ ကျပ်သိန်း၄၀၀ကျော်။
ဗုံးဒဏ်၊လက်နက်ကြီးဒဏ်ကြောင့် လုံးဝပိတ်လိုက်ရတဲ့ကျောင်းတွေလည်း မနည်း။အသက်အန္တရာယ် စိုးရိမ်မှုအရ တခြားတစ်နေရာသို့ ကျောင်းရွှေ့ပြောင်းလိုက်တဲ့အခါတိုင်း လိုက်မသင်နိုင်တော့လို့ ပညာသင်ကြားမှု လုံးဝရပ်သွားတဲ့ကလေးတွေလည်း မနည်းတော့တာကြောင့် မြေအောက်ကျောင်း များများ ပေါ်ထွန်းဖို့လိုတယ်လို့ ကိုစိုးမိုးအောင်က အကြံပြုတယ်။
စစ်တပ်ရဲ့ ရန်လိုမှုတွေကြောင့် စာသင်ကျောင်းတွေကို အချိန်တစ်ခုထိ ပိတ်လိုက်ရရင်ပဲ ကျောင်း သားအများစုက မြို့ပေါ်တက် အလုပ်လုပ်သူလုပ်၊ နိုင်ငံခြားထွက်သူထွက်နဲ့ ပညာရေးနိတ္ထိတံသွား တော့တယ်လို့ အညာမြေမှာ စာသင်ကြားနေတဲ့ ဆရာမတစ်ဦးက ပြောတယ်။ပြီးတော့ ကျောင်းသူ၊ ကျောင်းသားတွေက ဘယ်အချိန် ဗုံးကျမလဲဆိုတဲ့ စိုးရိမ်ကြောက်ရွံ့စိတ်နဲ့ ပညာသင်နေရခြင်းနဲ့ မိဘ တို့ရဲ့ ပူလောင်သောကတွေအရ ကျောင်းထွက်နှုန်း မြင့်မားလာတယ်လို့လည်း သူက ဆိုတယ်။
ဒါပေမဲ့၊လုံခြုံစိတ်ချရတဲ့ မြေအောက်ကျောင်းတွေ များများတည်နိုင်ဖို့ဆိုတာကလည်း ငွေရေးကြေး ရေးအခြေအနေအရ မလွယ်။အန္တရာယ်များမှန်း သိပေမဲ့ ပုံမှန် မြေပေါ်စာသင်ကျောင်းတွေကိုပဲ အဓိ က အားထားနေရတာကြောင့် စာသင်ကျောင်းတွေထဲ ဗုံးခိုကျင်းတွေတူးရ၊ အိုင်ကွန်စကားပြောစက် ကနေ လေကြောင်း သတင်းရယူရ၊ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးမှုတွေ လုပ်ရ။
“ရတဲ့အချိန်အတွင်းမှာ စာသင်ကျောင်းမှာရှိတဲ့ ကျောင်းသား၊ကျောင်းသူအားလုံး ဆရာ၊ ဆရာမအား လုံးရော ဒီဗုံးခိုကျင်းထဲကို အချိန်မီအတွင်း ရောက်နိုင်ဖို့အတွက် အမြဲလေ့ကျင့်မှုရှိဖို့ လိုအပ်တယ်ဆို တာမျိုး ရှိတယ်ပေါ့လေ။ တကယ်လို့ ကျနော်တို့ အချိန်မီအတွင်းမှာ မရောက်နိုင်ဘူးဆိုလို့ရှိရင် သူတို့ အနေနဲ့ Air strike ကြုံလာရတဲ့ ကာလအတွင်းမှာဆိုရင် အနီးဆုံး ဘယ်လိုမှောက်ပြီး ဝပ်လိုက် ရမလဲ ဆိုတာတွေကအစပေါ့” လို့ အညာမြေဆရာမက ဆက်ပြောပြတယ်။
အညာမှာ စာသင်ရတယ်ဆိုတာ အသေအကြေတိုက်ရတဲ့ ရှေ့တန်းတစ်နေရာဆီ စစ်ကြောင်းချီတာနဲ့ မခြားတာကြောင့် သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေက လေကြောင်းရန်ကာကွယ်ရေးအသိနဲ့ လက်တွေ့လေ့ကျင့်မှုတွေ ပြုလုပ်ပေးပေမဲ့ လုံလောက်မှုမရှိဘူးလို့ အညာသားကြီးတစ်ဦးကဆိုတယ်။
“ကျောင်းတွေကနေပြီးတော့လည်း ကျောင်းမှာရှိတဲ့ ကျောင်းသားတွေကို တစ်ပတ်ကို တစ်ချိန် လောက်ပဲဖြစ်ဖြစ် ဒီဟာလေးကိုလည်း လေ့ကျင့်စေချင်တာပေါ့ဗျာ”လို့ သူက အကြံပြုတယ်။
အညာမှ မဟုတ်၊တစ်နိုင်လုံးပတ်ကာ စစ်တပ်က ပြည်သူကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို နေ့ စဉ်ဆိုသလို လုပ်ဆောင်နေမြဲမို့ လေကြောင်းရန် ကာကွယ်ရေး လက်တွေ့ လေ့ကျင့်မှုတွေက စာသင် ကျောင်းတွေမှာမှ မဟုတ်၊ တော်လှန်ရေးစိုးမိုးနယ်မြေထဲက ပြည်သူတွေလည်း အမြဲမပြတ် လေ့ကျင့် နေဖို့လိုတယ်လို့ မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ စစ်တမ်းအရ စစ်တပ်က ၂၀၂၅ခုနှစ်အတွင်း ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုဟာ တော်လှန်ရေးအင် အားစုတွေကို တိုက်ခိုက်မှုထက် ၂ဆကျော်မက များပြားနေတာ တွေ့ရတယ်။၂၀၂၅ခုနှစ်အတွင်း နိုင်ငံအနှံ့ စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုက ၅၆၀၈ကြိမ်။ ပြည်သူ ၂၁၈၁ဦးသေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၃၃၄လုံး၊ စာသင်ကျောင်း ၂၁၅လုံးနဲ့ ဆေးရုံ၊ ဆေးခန်း ၆၈လုံးတို့ ပျက်စီးခဲ့တယ်လို့ NUGအစိုးရက ထုတ်ပြန် ထားတယ်။
၂၀၂၆ခုနှစ်၊ဇန်နဝါရီ၁၇ရက်မှာတင် စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းကျေးရွာက မူကြို ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးနဲ့ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းက စာသင်ကျောင်းတွေကို ပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရပ် တန့်မှာ မဟုတ်ဘူးလို့ စစ်အုပ်စုရဲ့ သတင်းပေးပို့ချက်လည်း ဖြစ်တယ်။
ဆိုတော့ ကလေးတွေ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် မြေအောက်စာသင် ကျောင်းတွေ များများဆက်ဆောက်နိုင်ဖို့လိုတယ်။မြေအောက်ကျောင်းတွေ များများဆောက်ဖို့အ တွက် ရန်ပုံငွေများများရရေးဟာ အဓိကအတားအဆီးဖြစ်နေတယ်။S&C ရဲ့ မြေအောက်ကျောင်း ဆောက်လုပ်မှု ကုန်ကျစရိတ်တွေဟာ ပြည်တွင်း၊ပြည်ပက မြန်မာပြည်သူတွေရဲ့ လှူဒါန်းမှုတွေသာ ဖြစ်တယ်လို့ သိရတယ်။
စာသင်နေတဲ့ မြန်မာကလေးငယ်တွေကို စစ်တပ်ဗုံးကြဲလို့ သေဆုံးတိုင်း နိုင်ငံတကာအသိုင်း အဝိုင်းဆိုတာကြီးက ရှုတ်ချရုံ၊စုတ်သတ်ရုံ။ မြေအောက်ကျောင်းဆောက်လုပ်ရေးအတွက် တစ်ပြား တစ်ချပ်ပင် မလှူ။
” ကျမတို့ကတော့ တကယ်လည်း ကျေးဇူးတင်ပါတယ်။ S&C ကိုလေ။ ခုလို လုပ်ပေးထားလို့။ ဒါမှလည်း ကလေးတွေက လုံလုံခြုံခြုံစာသင်လို့ရတာလေ” လို့ အညာဒေသတစ်နေရာက Grade 3 ကျောင်းသူတစ်ဦးရဲ့ မိခင်က ဆိုတယ်။
မြန်မာကလေးငယ်တွေ အသက်နဲ့ရင်းပြီး ကျောင်းတက်နေရပါတယ်။




















