ထိုင်း-မြန်မာနယ်စပ်အနီး ဖောက်ခွဲရေးပစ္စည်းများဖြင့် ပျက်ကျနေသည့် ဒရုန်းတစ်စင်းတွေ့ရှိ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ နေအိမ်ဝင်းတစ်ခုအတွင်း၌ လက်လုပ်ဖောက်ခွဲရေးပစ္စည်း ဖြင့် ပျက်ကျနေသည့် ဒရုန်းတစ်စင်းကို ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) တွင် တွေ့ရှိခဲ့ရသည်။

မဟာဝမ် ကျေးရွာအုပ်စု၊ ဘန်မဟာဝမ် ရွာရှိ နေအိမ်ခြံဝင်းအတွင်း၌ အဆိုပါဒရုန်းကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး၊ တာ့ခ်ခရိုင် အခြေစိုက် Ratchamanu စစ်ကြောင်းမှ စစ်သည်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် မဲဆောက်နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က သွားရောက် စစ်ဆေးခဲ့သည်။

အဆိုပါပစ္စည်းကို ရန်နင်းဟု အမည်ရသည့် အမျိုးသမီးတစ်ဦး၏ ခြံဝင်းအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ တာဝန်ရှိသူများက ဒရုန်းတစ်စင်းနှင့်အတူ ၆၀ မီလီမီတာ PVC ပိုက်ဖြင့် ပြုလုပ်ထားသော မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးကိုပါ တွေ့ရှိခဲ့သည်။

အခင်းဖြစ်နေရာတွင် အာဏာပိုင်များ၏ လေ့လာတွေ့ရှိချက်အရ ဒရုန်းမှာ နေအိမ်ဝင်းအတွင်းသို့ ပျက်ကျနေခြင်းဖြစ်ပြီး၊ ထိုင်းပိုင်နက်ထဲသို့ မပျက်ကျမီ နယ်စပ်ကို ကျော်ဖြတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ယူဆထားသည်။

ကနဦးစစ်ဆေးမှုများအရ အဆိုပါဒရုန်းမှာ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက အဆိုပါနေရာ၌ ကျရောက်နေပုံရသည်ဟု သိရှိရသည်။

အဆိုပါဒရုန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂၈) သို့မဟုတ် ၎င်းတို့နှင့် ပူးပေါင်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များ၏ ဒရုန်းဖြစ်နိုင်ကြောင်း အာဏာပိုင်များက ယူဆထားသည်။

ယင်းအဖွဲ့များသည် လက်ရှိတွင် တာ့ခ်ခရိုင်၊ မဟာဝမ်ကျေးရွာအုပ်စုနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာနိုင်ငံ၊ မြဝတီခရိုင်အတွင်းမှ မင်းလက်ပံ၊ ဖလူး နှင့် ဖလူးလေး ကျေးရွာများတွင် မြန်မာစစ်တပ်နှင့် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေ သည်။

မြန်မာစစ်တပ်က အသုံးပြုသည့် ဒရုန်းပစ်ချသည့်စနစ် (Anti-drone system) ကြောင့် အချက်ပြလိုင်းများ ပြတ်တောက်ကာ ဒရုန်းမှာ ထိန်းချုပ်မှုလွတ်သွားခဲ့ပြီး၊ ထိုင်းနိုင်ငံဘက်ခြမ်းသို့ လွင့်ပါးပျက်ကျသွားခြင်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

မင်းလက်ပံနှင့် အနီးတစ်ဝိုက်ရှိ ကရင်လက်နက်ကိုင် စခန်းများကို သိမ်းပိုက်ရန် မြန်မာစစ်တပ်က ကြိုးပမ်းနေသဖြင့် နယ်စပ်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၃ လကျော်ပြီဖြစ်ကြောင်း Matichon သတင်းဌာနက ဖော်ပြသည်။

မြန်မာစစ်တပ်အနေဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသော်လည်း ပစ်မှတ်ထားသည့် နေရာများကို သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ အကျအဆုံးများစွာ ရှိနေကြောင်း သတင်းများက ဆိုသည်။