မုံရွာတွင် ဆက်ကြေးကောက် မိုင်းရှာရန်ထွက်လာသည့် ပျူများ ဒရုန်းဗုံး ထိမှန်

ဓာတ်ပုံ - Brave Heart Army
ပုံစာ - ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ မုံရွာ – မန္တလေးလမ်းပေါ်သို့ ဆက်ကြေးကောက်၊ မိုင်းရှာရန်ထွက်လာသည့် ပျူစောထီးများ ဒရုန်းဗုံးထိမှန်ပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁၇ရက်၊ နံနက် ၇နာရီခန့်တွင် မုံရွာ-မန္တလေးလမ်းပိုင်းပေါ်သို့ တက်လာသည့် တောပုပျူရွာမှ ပျူစောထီး အယောက် ၂၀ခန့်ကို ဒရုန်းဖြင့် ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army – BHA က သတင်းထုတ်ပြန်သည်။

“လမ်းပေါ်ပေါ့။ အဲ့နေရာက လမ်းကင်းယူရင် အဲ့နေရာက အမြဲတမ်းရောက်တဲ့နေရာပေါ့။ တစ်လုံးကတော့ သူတို့နားကျတယ်။ တစ်လုံးကတော့ အနောက်ဘက်ထဲကျတယ်” ဟု Brave Heart Army – BHA တာဝန်ခံက MPA သို့ပြောသည်။

ဒဏ်ရာရသူများကို အနီးရှိ တိုက်အတွင်း၌ ဆေးဆရာမခေါ်ကာ ကုသမှုပေးခဲ့ကြောင်းသိရသည်။

” သေဆုံးနိုင်တဲ့ အခြေနေကမရှိလောက်ဘူး။ သူတို့အဲ့မှာ ဆေးဆရာမကို တောက်လျှောက်တန်းခေါ် ပြီးတော့ တိုက်အောက်ခန်းထဲမှာ ကုနေတာတော့ ဒရုန်း record မှာတော့ မြင်ရတယ်ပေါ့လေ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုအပြီးတွင် ပျူစောထီးများကလည်း လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

” သူတို့ ထုံးစံကတော့ ကျနော်တို့ မိုင်းဆွဲလို့ပဲသေသေ သူတို့တာဝန်ယူနေတဲ့အချိန်ထိတော့ လမ်းပေါ်ပဲရှိတာ” ဟု ၎င်းကပြောသည်။

ယင်းတိုက်ခိုက်မှုကို Brave Heart Army -BHA၊ Monywa Dynamite နှင့် Chindwin Fighter Group အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်းသိရသည်။

ပျူစောထီးများ ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။