မွန်ပြည်နယ်၊ ရေးမြို့နယ်တစ်ခွင်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဒေသခံနေအိမ်များအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေပြီး ငွေကြေးနှင့် တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်နေကြောင်း ဒေသခံအချို့က ပြောကြားသည်။
နယ်မြေစိုးမိုးမှု ရယူနိုင်ရေး ကြိုးစားနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် မော်လမြိုင်-ရေး အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းအပါအဝင် ကျေးရွာချင်းဆက်လမ်းပိုင်းအချို့ကို စစ်ကြောင်းထိုး ဝင်ရောက်နေခြင်း ဖြစ်သည်။
စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။
ယခုကဲ့သို့ ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ၎င်းတို့တိုက်ခိုက်ခံရသည့် နေရာအနီးရှိ ကျေးရွာများအတွင်းသို့ ဝင်ရောက်ပြီး ဒေသခံပြည်သူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ နေအိမ်အတွင်းရှိ ဖုန်း၊ စက်ယန္တရားနှင့် ငွေသားများကို လုယူသိမ်းဆည်းသွားကြောင်း ရေးမြို့နယ် စံပြကျေးရွာဒေသခံတစ်ဦးက MPA ကို ပြောကြားသည်။
“သူတို့ စစ်ကြောင်းဝင်ရင် တစ်ခါတလေ တိုက်ခိုက်ခံရတော့ အဲ့ဒီအနားက ရွာထဲဝင်တယ်။ သူတို့က PDF နဲ့ ပတ်သက်နေလား စစ်ဆေးတယ်၊ ဆဲဆိုခြိမ်းခြောက်တယ်။ အမျိုးမျိုးပဲ အိမ်ထဲထိဝင်ပြီး ဆိုင်တွေဆို မွှေနှောက်ပြီး ပိုက်ဆံတွေ့ရင် ယူသွားတယ်။ ရွာဆိုင်တွေဆိုတော့ အရမ်းမများပေမဲ့ လုပ်ကိုင်စားသောက်ဖို့ အရင်းအနှီး ဘယ်ရှိတော့မလဲ။ တချို့ရွာတွေဆို ရွာလူကြီးက သူတို့ကိုယ်တိုင်ခန့်ထားတာပဲ၊ ဘယ်သူမှ မပြောရဲဘူး” ဟု ၎င်းက ဆိုသည်။
အနီးစပ်ဆုံး ဖြစ်စဉ်တစ်ခုမှာ ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်းက မော့ကရင်ကျေးရွာအခြေစိုက် တပ်ရင်း (၁၀၆) မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် စံပြကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်သားများသည် နေအိမ်များအပါအဝင် ဈေးဆိုင်၊ ငွေလွှဲငွေထုတ်ဆိုင်နှင့် လမ်းသွားလမ်းလာ ပြည်သူများထံမှ ဖုန်းနှင့် ငွေသားများကို သိမ်းဆည်းသွားသည့်အပြင် အချို့နေအိမ်များကို မွှေနှောက်ကာ ငွေသားနှင့် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်ခဲ့သည်ဟု ရွာခံအချို့က ပြောကြားသည်။
ထို့အပြင် ရေးအခြေစိုက် ခလရ ၁၀၆ တပ်ရင်းနှင့် ခမရ ၅၈၈ ပူးပေါင်းစစ်ကြောင်းသည် လမိုင်းမြို့ရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ဒေသခံများကို စစ်ဆေးမေးမြန်းကာ ဖုန်း၊ ငွေသားများနှင့် စားသောက်ကုန်ပစ္စည်းများကို လုယူသွားကြောင်း လမိုင်းမြို့ခံတစ်ဦးက ပြောကြားသည်။
“ပိုဆိုးတာက ရော်ဘာခြံထဲမှာရှိတဲ့ အလုပ်သမားတွေရဲ့ ရိက္ခာတောင် မချန်ဘူး၊ အကုန်ယူတယ်။ ဘယ်သူပြောရဲမလဲ၊ ဟိုက သေနတ်ကိုင်ထားတာလေ။ လုပ်ချင်သလို လုပ်နေကြတာ ထိခိုက်တာတော့ အရပ်သားတွေပဲပေါ့” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက အရပ်သားပိုင် ပစ္စည်းများကို ခိုးယူလုယက်နေသည့်အပေါ် စစ်တပ်အကြီးအကဲပိုင်းများ သိရှိနေသော်လည်း အရေးယူခြင်းမရှိဘဲ အချို့ဆိုလျှင် မသိချင်ယောင်ဆောင်ထားကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူအချို့က ပြောကြားသည်။
“ရှေ့တန်းမထွက်ချင်ကြဘူးလေ။ ရှေ့တန်းထွက်တော့ တစ်ရွာဝင်တစ်ရွာထွက် ကြိုက်သလို လုပ်လို့ရနေတယ်။ အချို့ ပြည်သူ့စစ်တွေဆို ခိုးဆိုးလုယက်တဲ့သူမျိုးတောင် ပါတယ်လေ။ အဲ့ဒါကို သူတို့ မသိဘဲနေမလားဗျာ၊ လုပ်ခွင့်ပေးထားတာပဲလေ။ အောက်ခြေရဲဘော်တွေက ပိုက်ဆံရလမ်းကြောင်းက မရှိနေဘူးလေ။ အဲ့ဒီတော့ သွားရမယ့်အတူတူ ရသလောက်၊ ရသလို ခိုးမယ်၊ လုမယ်ပေါ့” ဟု စစ်မှုထမ်းတပ်သားသစ် စုဆောင်းပေးနေသည့် ကျိုက်ထိုမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ထို့အပြင် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ခက်ခဲနေသည့်ကာလတွင် ရှေ့တန်းစစ်မျက်နှာပြင်၌ ကြိုက်သလို လုပ်ခွင့်ရမည်ဟု စည်းရုံးသိမ်းသွင်းကာ ခေါ်ယူမှုများ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိ ရေးမြို့နယ်အတွင်း သိမ်းဆည်းထားသည့် ဖုန်းနှင့် တန်ဖိုးကြီးပစ္စည်းအချို့ကို စစ်ကော်မရှင်တပ်သားများက ကိုယ်တိုင်သုံးစွဲနေကြသလို အချို့ကို ပြန်လည်ရောင်းချမှုများ ရှိနေကြောင်း ဖုန်း (Second Hand) ရောင်းဝယ်နေသူအချို့ထံမှ သိရသည်။
