PDF လေးဦးက အမေရိကန်နိုင်ငံသားကို ပြန် ပေးဆွဲပြီး သတ်ဖြတ်ခဲ့ ဆိုသည့် အကြောင်း အရာသည် စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Truth Media” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီ ၂၅ မိနစ်တွင် NUG လက်အောက်ခံ PDF အဖွဲ့ဝင် လေးဦး သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အမေရိကန်နိုင်ငံသားတစ်ဦးကို ပြန်ပေးဆွဲ လုယက်ပြီး သတ်ဖြတ်ခဲ့ကြောင်း၊ PDF များသည် ဘန်ကောက်မြို့အထိ ရောက်လာပြီး အကြမ်းဖက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါ သတင်းအမှားကို “နေပြည်တော်၊ Kyaw Swar” အပါအဝင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/Pw7Lr
နေပြည်တော် – https://archive.ph/25IUs
Kyaw Swar – https://archive.ph/WeiHA
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “Western News, The Irrawaddy” မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ဖေဖော်ဝါရီ ၁၆ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားလေးဦး၏ ရိုက်နှက်မှုကြောင့် အသက် ၅၅ နှစ်အရွယ် အမေရိကန်နိုင်ငံသား တစ်ဦး သေဆုံးခဲ့ကြောင်း၊ သမီးရည်းစားကိစ္စနှင့် စတင် စကားများရန်ဖြစ်ခဲ့ကြရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံသားကို သတ်ခဲ့သော မြန်မာနိုင်ငံသား အမျိုးသား လေးဦးမှာ ထိုင်းရဲတပ်ဖွဲ့ထံသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Western News – https://bitly.cx/njNC
The Irrawaddy – https://bitly.cx/jGY63
အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “အမေရိကန်နိုင်ငံသား သတ်မှု မြန်မာလေးဦး ဖမ်းမိ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “People’s Spring, Dawei Watch, Narinjara” အပါအဝင် မီဒီယာများတွင် သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ဖေဖော်ဝါရီ ၁၆ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဂျောင်သောင်ခရိုင်တွင် အမေရိကန် နိုင်ငံသားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးအောင် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားလေးဦးကို ရဲများက ဖမ်းဆီးခဲ့ကြောင်း၊ ကနဦး စုံစမ်းစစ်ဆေးမှုများအရ မြန်မာနိုင်ငံသား လေးဦးထဲက တစ်ဦး၏ ညီမဖြစ်သူနှင့် သေဆုံးသူ အမေရိကန်နိုင်ငံသားမှာ ချစ်ကြိုက်ခဲ့ဖူးကြောင်း၊ ယခု သေဆုံးမှုတွင် အမေရိကန်နိုင်ငံသားက အမျိုးသမီးချစ်သူဟောင်းဆီ ဓားကိုင်ပြီး ရောက်ရှိလာရာမှ စကားများ ရန်ဖြစ်ရင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ပြီး သေစေလိုခြင်းမရှိကြောင်း တရားခံများက ထွက်ဆိုထားကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/ycLNT
Dawei Watch – https://bitly.cx/Guc8B
Narinjara – https://bitly.cx/FCs8o
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အမေရိကန်နိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာလေးဦး ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်သည်။ အချင်းချင်း စကားများရန်ဖြစ်ရာမှ လက်လွန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။
ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ် တွင် ပျံ့နှံ့နေသော “PDF လေးဦးက အမေရိကန်နိုင်ငံသားကို ပြန်ပေးဆွဲပြီး လုယက်သတ်ဖြတ်” ဟု ဖြန့်ဝေနေခြင်းသည် ဖြစ်စဉ်အမှန်ကို လွဲရာဆွဲရေးသားထားသော သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
