ကရင်နီပြည်နယ်၏ ထူထပ်သော တောတောင်များကြားတွင် လေယာဉ်သံနှင့် လက်နက်ကြီးသံများသည် နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်၍နေသည်။
တစ်ချိန်က သန့်ရှင်းတောက်ပြောင်သော မြို့ပေါ်ဆေးရုံကြီးထဲတွင် လူနာများကို ကုသပေးခဲ့သည့် လက်များက ယခုအခါ ဗုံးခိုကျင်းများနှင့် တဲငယ်များအတွင်း သေနတ်သံများကြား၌ အသက်ကယ်ဆယ်နေရသည်။
ထိုလက်များ၏ ပိုင်ရှင်မှာ အသက် ၃၄ နှစ်အရွယ် CDM ဆရာဝန် ဒေါက်တာရဲဇော် ဖြစ်သည်။
ဒေါက်တာရဲဇော်သည် ကိုဗစ်ကာလမှစ၍ စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် ဇာတိမြေနှင့် ဝေးကွာနေခဲ့သည်မှာ ယနေ့အထိ ၆ နှစ်ကျော်ရှိခဲ့ပြီ ဖြစ်သော်လည်း သူရွေးချယ်ခဲ့သည့် လမ်းကြောင်းအတွက် နောင်တဟူသည် သူ၏ အဘိဓာန်တွင် မရှိပေ။
“CDM လုပ်လိုက်လို့ လက်လွှတ်လိုက်ရတဲ့ အခွင့်အရေးဆိုတာမျိုးထက် အခုတော်လှန်ရေးထဲမှာ ပါဝင်ခွင့်ရတာကိုပဲ အခွင့်အရေးရတယ်လို့ သတ်မှတ်တယ်ပေါ့နော်။ အစ်ကို့အနေနဲ့ နှမြောတာမျိုးတော့ မရှိပါဘူး၊ ဒါ ကိုယ်ရွေးချယ်လိုက်တာပဲလေနော်။” ဟု ဒေါက်တာရဲဇော်က လေးလေးနက်နက် ဆိုသည်။
စစ်တပ်အာဏာသိမ်းမှုနှင့် ဒေါက်တာရဲဇော်၏ CDM ခံယူချက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်နေ့တွင် ပြည်သူလူထု တင်မြှောက်ထားသည့် ရွေးကောက်ခံ NLD အစိုးရကို စစ်တပ်က ဖြုတ်ချပြီး မတရားသဖြင့် အာဏာသိမ်းယူခဲ့ခြင်းကို မြန်မာပြည်သူများ သိရှိပြီးဖြစ်သလို ယနေ့အထိ အာဏာသိမ်းခံရခြင်း၏ အကျိုးဆက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခံစားနေကြရသည်။
ယခု ပြီးခဲ့သော ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည်မှာ ၅ နှစ် တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ အာဏာသိမ်းမှုဖြစ်စဉ်တွင် စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် ထိပ်ပိုင်းနိုင်ငံရေးခေါင်းဆောင်များကို မတရား ဖမ်းဆီးခဲ့သည့်အတွက် မြန်မာပြည်သူတစ်ရပ်လုံး လူကြီး၊ လူငယ်၊ ကလေးများပါမကျန် စစ်တပ်အသိုင်းအဝိုင်းနှင့် ပတ်သက်သည့် လူတစ်စုကလွဲ၍ ပြည်သူများအားလုံးနီးပါး လမ်းပေါ်ထွက် ဆန္ဒပြကြကာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။
ဒေါက်တာရဲဇော်သည်လည်း စစ်တပ်အာဏာသိမ်းမှုကို လက်မခံသည့် မြန်မာပြည်သူများထဲမှ တစ်ဦး အပါအဝင်ဖြစ်သည်။
သူ၏ ဆုံးဖြတ်ချက်က ရိုးရှင်းသည်။ နိုင်ငံရေးအတွေးအခေါ်များစွာထက် “အာဏာရှင်လက်အောက်တွင် မနေချင်ခြင်း” ဆိုသည့် ခံယူချက်က သူ့ကို CDM လမ်းကြောင်းပေါ်သို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာပင် တွန်းပို့ခဲ့သည်။
အစပိုင်းတွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့သော်လည်း ၂၀၂၁ မှ ၂၀၂၂ ကြား ကာလများတွင် မြို့ပေါ်၌ပင် ပုန်းရှောင်ရင်း ကိုဗစ်လူနာများကို ခိုးဝှက်ကုသပေးခဲ့ရသည်။
ထို့နောက်တွင်မှ တောထဲသို့ အပြီးတိုင်ခြေစုံပစ်ဝင်ခဲ့ပြီး မြို့ပေါ်သို့ ပြန်မဝင်နိုင်တော့ဘဲ တော်လှန်ရေးဆရာဝန်တစ်ဦးအဖြစ် ဘဝကို ဆက်လက်ထွင်းထုခဲ့သည်။
” အာဏာမသိမ်းခင် ဒေါက်တာရဲဇော်၏ ဆရာဝန်ဘဝ ဖြတ်သန်းမှု “
၁၉၉၂ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဒေါက်တာရဲဇော်သည် ၂၀၁၅ ခုနှစ်တွင် ဆေးပညာဘွဲ့ (M.B.B.S) ကို ရရှိခဲ့သည်။
၂၀၁၉ ခုနှစ်တွင် အစိုးရဝန်ထမ်းဘဝကို စတင်ခဲ့ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဆေးရုံအတွင်းရှိ အရိုးဆောင်၊ ဖျားနာဆောင်၊ ခွဲစိတ်ဆောင်၊ သားဖွားမီးယပ်နှင့် ကလေးဆောင် စသည့် ဌာနပေါင်းစုံတွင် လှည့်လည်တာဝန်ယူရင်း လူနာပေါင်းများစွာကို ကုသခွင့်ရခဲ့သည်။
“ဆရာဝန်လုပ်သက်က ကျွန်တော် ၂၀၁၅ မှာ ဘွဲ့ရတယ်ဆိုတော့ အဲဒီကနေ စရေတွက်ရမှာပေါ့နော်။ ဒါပေမဲ့ အစိုးရဝန်ထမ်းအလုပ်ကိုတော့ ၂၀၁၉ မှာ စလုပ်တယ်။” ဟု ဒေါက်တာရဲဇော်က ရှင်းပြသည်။
ဝန်ထမ်းသက်တမ်း သတ်မှတ်ချက်များကြောင့် အထူးပြုဘာသာရပ်များ ဆက်တက်ရန် အခွင့်အရေး မရသေးခင်မှာပင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
အလုပ်တစ်ခုကို လုပ်လျှင် အဆုံးအထိ လုပ်တတ်သည့် သူ၏ ပင်ကိုယ်ဗီဇအတိုင်း တိမ်းရှောင်ရခြင်း၊ မိမိအိမ်တွင် မိမိမအိပ်ရခြင်းနှင့် လုံခြုံရေးအတွက် စိုးရိမ်ရခြင်းများကို ကြံ့ကြံ့ခံရင်း တော်လှန်ရေးခရီးကို စတင်ခဲ့သည်။
“CDM စလုပ်တဲ့အချိန် ဖိအားကတော့ တခြား CDM တွေရော၊ တခြား ရဲဘော်တွေနဲ့ရော အတူတူလောက်ဖြစ်မှာပါ။ ရှောင်ရ၊ တိမ်းရ၊ မသိအောင် ခိုးဝှက်ပြီးနေရတယ်ပေါ့။ စပြီး CDM လုပ်တဲ့ သူတွေက ဆရာဝန်အသိုင်းအဝိုင်းဆိုတော့ သူတို့ ပိုပြီး သတိထားတယ်လို့ ထင်ရတယ်ပေါ့နော်။” ဟု ဒေါက်တာရဲဇော်က ဆိုသည်။
” ဒေါက်တာရဲဇော် သတ်မှတ်ထားသည့် ဆုံးရှုံးမှု ကြီးကြီးမားမားက ဘာလဲ”
ဒေါက်တာရဲဇော်အတွက် ဆုံးရှုံးမှုဆိုသည်မှာ ရာထူး သို့မဟုတ် ဘွဲ့လက်မှတ်များ မဟုတ်ပေ။ လူတစ်ယောက်၏ အခြေခံအခွင့်အရေးဖြစ်သော လွတ်လပ်စွာ နေထိုင်ခွင့်နှင့် မိသားစုနှင့် တွေ့ဆုံခွင့်များ ဖြစ်သည်။
“လက်လွှတ်လိုက်ရတဲ့ ဘွဲ့တွေထက်စာရင်တော့ အစ်ကို အိမ်ပြန်ချင်တာပေါ့နော်။ ပုံမှန် အစ်ကိုတို့ ခေတ်သာကောင်းတယ်၊ အာဏာအသိမ်းမခံရဘူးဆိုရင် အိမ်ပြန်လို့ရတယ်။ မိဘတွေ၊ ညီအစ်ကို မောင်နှမတွေနဲ့ တွေ့လို့ရမယ်။ လွတ်လပ်ခွင့်ပေါ့နော်။ လူတစ်ယောက်ရဲ့ အခြေခံ rights ဖြစ်တဲ့ လွတ်လပ်စွာ နေထိုင်ခွင့်ဆိုတဲ့ အခွင့်အရေးကြီး ဆုံးရှုံးတာပေါ့နော်။” ဟု သူက ဆိုသည်။
၆ နှစ်တိုင်တိုင် မိသားစုနှင့် ဝေးကွာနေရခြင်း၊ ဖုန်းလိုင်းမကောင်းသဖြင့် ရက်ပေါင်းများစွာ အဆက်အသွယ် ပြတ်တောက်ရခြင်းများသည် သူ၏ အကြီးမားဆုံးသော ဆုံးရှုံးမှုများပင်ဖြစ်သည်။
“မိဘနေမကောင်းရင်၊ ညီအစ်ကိုမောင်နှမတွေ နေမကောင်းရင် သာရေး၊ နာရေးက အစ ဒါတွေကို အဝေးကနေပဲပေါ့။ အခုမှသာ လိုင်းနည်းနည်းပါးပါး အဆင်ပြေလာလို့ပေါ့နော်။ နဂိုကဆို ရက်ပေါင်းများစွာမှာ တစ်ခါနှစ်ခါပဲ ဖုန်းပြောခဲ့ရတဲ့ အခြေအနေမျိုးတွေ ကြုံရတယ်။” ဟု သူက စိတ်မကောင်းစွာဖြင့် ပြောသည်။
” ဗုံးသံကြားမှ ဆေးကုသမှုနှင့် ဝမ်းနည်း၊ ဝမ်းသာ အဖြစ်အပျက်များ “
လက်ရှိတွင် ဒေါက်တာရဲဇော်သည် ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကောင်စီ (KSCSC-CDM) ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိသည်။
တာဝန်ထမ်းဆောင်နေစဉ်အတွင်း စစ်ဘေးရှောင်ပြည်သူများအား လိုအပ်သည့် ဆေးကုသမှုများ ပေးနေသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အတွင်းရှိ ကျန်းမာရေးအဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းများကိုလည်း တက်ကြွစွာ ဆောင်ရွက်နေသူ ဖြစ်သည်။
ထို့ပြင် ရှေ့တန်းစစ်မျက်နှာရှိ ဆေးအဖွဲ့များတွင်လည်း တာဝန်ခံအဖြစ် ပါဝင်ကူညီပေးလျက် ရှိသည်။
“လူနာတွေကို ကုသပေးတာကတော့ ဆေးရုံဆေးခန်းတချို့မှာ ထိုင်ပြီး ကုပေး၊ ကြည့်ပေးတာမျိုးလည်းရှိသလို လူနာတွေရှိတဲ့နေရာတွေကို သွားပြီး ဆေးကုပေးတာမျိုးလည်း ရှိပါတယ်။ နောက်ပြီး စစ်ဘေးရှောင်တွေကို စိတ်ဓာတ်ခွန်အားပေးတာလည်း ရှိပါတယ်။” ဟု ဒေါက်တာရဲဇော်က ရှင်းပြသည်။
မြို့ပေါ်ဆေးရုံနှင့် တောတွင်းဆေးကုသမှု ကွာခြားချက်မှာ လုံခြုံရေးနှင့် ဆေးဝါးကိရိယာ အကန့်အသတ်ပင် ဖြစ်သည်။
ထို့အပြင် လေယာဉ်သံနှင့် လက်နက်ကြီးသံများ အမြဲတစေ ခြိမ်းခြောက်နေသည့် ရှေ့တန်းစစ်မျက်နှာများတွင် ဆေးကုသမှုပေးရခြင်းမှာ အလွန်စိန်ခေါ်မှုများလှကြောင်းလည်း ဒေါက်တာရဲဇော်က ဆိုသည်။
“လေယာဉ်သံ၊ လက်နက်ကြီးသံတွေကြား ခွဲစိတ်မှု အကြီးကြီးတွေတော့ အကိုတို့ မလုပ်ပါဘူး။ ရှေ့တန်းမှာ အဓိကကတော့ အသက်ကယ်ခြင်းဆိုတဲ့ ပုံစံမျိုးပဲ။ ခွဲစိတ်မယ့်နေရာရောက်အောင် အစ်ကိုတို့ ဘယ်လို အန္တရာယ်ကင်းကင်း ပို့နိုင်မလဲဆိုတဲ့ အပိုင်းကိုပဲ အဓိက လုပ်ရတယ်ပေါ့နော်။” ဟု ၎င်းက ရှင်းပြသည်။
ရှေ့တန်းတွင် လေယာဉ်သံကြားလျှင်ပင် လက်မတုန်တော့ဘဲ ဒဏ်ရာကို လက်ဖြင့် ဖိပိတ်ထားကာ လေယာဉ်သွားမှ ဆက်လက်ချုပ်ပေးရသည့် အခြေအနေမျိုးကို ၎င်းအနေဖြင့် ရိုးအီနေအောင် ကြုံဖူးနေပြီ။
“ရှေ့တန်းဒဏ်ရာ ကုနေရတဲ့အချိန်၊ ကိုယ့်အလုပ် လုပ်နေရချိန်ဆိုရင်လည်း လက်မတုန်တတ်ပါဘူး။ အေးဆေးပါပဲ။” ဟု ၎င်းက ဆိုသည်။
ရှေ့တန်းစစ်မျက်နှာ၏ ဆေးကုသမှုခရီးစဉ်တွင် မေ့မရနိုင်သော အမှတ်တရများစွာရှိကြောင်း ဒေါက်တာရဲဇော်က ရင်ဖွင့်သည်။
ထိုအမှတ်တရများမှာ ဝမ်းသာပီတိဖြစ်ရသည့် အချိန်များရှိသလို၊ နှလုံးသားကို ဓားနှင့်မွှန်းသကဲ့သို့ နာကျင်ရသည့် ဖြစ်ရပ်များလည်း ဒွန်တွဲနေသည်။
“အမှတ်တရ အဖြစ်အပျက်တွေကတော့ အများကြီးပါဘဲ။ ကိုယ်ကုပေးလိုက်တယ်၊ အသက်ရှင်မယ်လို့ ထင်တယ်။ ဒါပေမဲ့ လွှဲမယ့်လမ်းကြောင်းမှာဘဲ ရဲဘော်က လမ်းမှာတင် ကျသွားပြီလို့ ကြားလိုက်ရတဲ့ သတင်းမျိုးတွေ။ တစ်ခါတစ်လေမှာလည်း ဒီလူကို ငါမကယ်နိုင်လောက်ဘူးလို့ ထင်တယ်။ ဒါပေမဲ့ ကိုယ်ကုပေးလိုက်တယ်။ အသက်ရှင်သွားတယ်။ နောက်နေ့တွေ့တော့ လူနာအသက်ရှင်တယ်၊ ကောင်းတယ် အဲလိုမျိုးကြားတော့ ဝမ်းသာရတာတွေ အများကြီးပါပဲ။” ဟု ၎င်းက ဆိုသည်။
ဒေါက်တာရဲဇော်အတွက် အမှတ်တရအဖြစ်ဆုံးမှာ ဒရုန်းမှန်၍ ချိုင်းအောက်တွင် အပေါက်ကြီးဖြစ်ကာ အဆုတ်ကိုပင် မြင်နေရသည့် လူနာတစ်ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
“ဆေးရုံက ဆရာတွေ ကုသမှုကတော့ ပိုအရေးကြီးတာပေါ့နော်။ အကိုကတော့ သူတို့ဆီရောက်အောင် ကုပေးလိုက်နိုင်တယ်။ အဲဒီလူနာအသက်ရှင်တယ်လို့ ပြန်သိရတယ်။ ဒီလိုအဖြစ်အပျက်တွေက အရမ်းဝမ်းသာစရာကောင်းတယ်ပေါ့နော်။” ဟု ၎င်းက အဖြစ်အပျက်များကို ပြန်လည်ပြောပြသည်။
ထို့အပြင် စစ်မြေပြင်နှင့် မြို့ပြဆေးရုံကြား ကွာခြားချက်မှာ မြို့ပေါ်တွင် လုံခြုံစိတ်ချစွာ ကုသနိုင်သော်လည်း တောထဲတွင်မူ အခြေအနေက တစ်မျိုးဖြစ်သည်။
“အနည်းဆုံးတော့ မြို့ပေါ်မှာ လေယာဉ်လာမကြဲဘူး၊ ဒရုန်းလာမကြဲဘူး။ ဒီမှာကတော့ ချက်ချင်းထွက်ပြေးရမလား၊ ဗုံးခိုကျင်းထဲ ဆင်းနေရမလားဆိုတာကို အမြဲသတိထားနေရတယ်။ ဒရုန်း ဒါမှမဟုတ် ပေါင် ၅၀၀ ဗုံးကြောင့် ဘယ်အချိန်မှာ သေသွားနိုင်မလဲဆိုတာ မသိနိုင်တဲ့ အခြေအနေမျိုးပါ” ဟု ၎င်းက နှိုင်းယှဉ်ပြသည်။
“CDM လုပ်ပြီးနောက် နေ့စဉ်ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများ”
CDM လုပ်ဆောင်ပြီးနောက်ပိုင်းတွင် လုံခြုံရေးနှင့် စားဝတ်နေရေး အခက်အခဲများမှာ ရှောင်လွှဲ၍မရသော ပြဿနာများ ဖြစ်လာခဲ့သည်။
သို့သော် “မည်သည့်အချိန်က အခက်ခဲဆုံးလဲ” ဟု မေးလျှင်မူ ဒေါက်တာရဲဇော်သည် ပြတ်ပြတ်သားသား ဖြေဆိုရန် ခဲယဉ်းနေသည်။
အကြောင်းမှာ အခက်အခဲများမှာ ယနေ့တိုင် ရှိနေဆဲဖြစ်သလို၊ နေ့ရက်တိုင်းမှာလည်း စိန်ခေါ်မှုအသစ်များဖြင့်သာ ပြည့်နှက်နေသောကြောင့်ဖြစ်သည်။
“နှစ်တိုင်း၊ လတိုင်း၊ နေ့တိုင်းက ခက်ခဲနေတာပဲဆိုတော့ အခုဆိုရင် ထုံပေပေတောင် ဖြစ်သွားပြီလား မသိဘူး” ဟု ၎င်းက ရယ်မောလျက် ဆိုသည်။
၎င်း၏ ဘဝရပ်တည်မှုမှာ အခြေအနေအရ ဒေါင်ကျကျပြားကျကျ ဖြစ်လာခဲ့ရပြီး တစ်ခါတစ်ရံတွင် NGO စီမံကိန်းအချို့၌ ပါဝင်ကူညီပြီး ရရှိလာသည့် အထောက်အပံ့ဖြင့်လည်း ပြေလည်အောင် ဖြေရှင်းနေရသည်။
“မရှိရင် မစားဘူးပေါ့။ ရှိရင်လည်း စားမယ်ပေါ့။ တချို့ NGO နဲ့ ပတ်သက်တဲ့ Project လေးတွေ လုပ်လို့ရှိရင်လည်း လုပ်လိုက်တယ်၊ ပြေရင် စားလိုက်တယ်ပေါ့။ အဲဒီတော့လည်း ခက်ခဲနေလွန်းတယ်လို့လည်း သိပ်မတွေးတော့ပါဘူး။” ဟု ဒေါက်တာရဲဇော် ကဆိုသည်။
” ၅ နှစ်အတွင်း အခက်အခဲများကြားက ဖြတ်ကျော်ခဲ့မှု “
၅ နှစ်တာကာလအတွင်း ကြုံတွေ့ရသည့် အခက်အခဲများကြောင့် တစ်ခါတစ်ရံတွင် အရာအားလုံးကို ပစ်ချပြီး ထွက်ပြေးလွတ်မြောက်ချင်သည့် စိတ်များ ဖြစ်ပေါ်တတ်ကြောင်း ဒေါက်တာရဲဇော်က ရိုးသားစွာ ဝန်ခံသည်။
“စိတ်ဓာတ်ကျပြီး ထွက်ပြေးချင်တာမျိုး၊ လွတ်မြောက်ချင်တာမျိုးတွေရှိတယ်။ အဲဒီထွက်ပြေးလွတ်မြောက်ချင်တယ်ဆိုတာက စစ်ကောင်စီဆီကို သွားပြီး အညံ့ခံချင်တာမျိုးမဟုတ်ဘူးနော်။ ကိုယ့်ဘာသာ ငါဘာမှမလုပ်ချင်တော့ဘူးကွာ ဆိုတဲ့ ပုံစံမျိုးပေါ့။” ဟု ၎င်းက ရှင်းပြသည်။
ထိုအခါမျိုးတွင် ခဏတာ အနားယူခြင်း၊ အိပ်စက်ခြင်း သို့မဟုတ် အပန်းဖြေခရီးထွက်ခြင်းဖြင့် စိတ်ကို ပြန်လည်ကုစားကာ မိမိကဲ့သို့ အခြေအနေတူသူများနှင့် စကားပြောခြင်း၊ မိသားစုနှင့် မိတ်ဆွေများ၏ မျက်နှာကို ပြန်လည်မြင်ယောင်ခြင်းဖြင့် ခွန်အားယူသည်။
အဆိုးရွားဆုံးအချိန်များတွင်မူ ကျဆုံးသွားသော ရဲဘော်ရဲဘက် သူငယ်ချင်းများအား ပေးခဲ့သည့် ကတိကလည်း ဒေါက်တာရဲဇော်အတွက် အဓိကတွန်းအားတစ်ခု ဖြစ်စေသည်။
“စိတ်ဓာတ်ကျရင် တစ်ခါတစ်လေ သောက်လိုက်တယ်၊ အိပ်လိုက်တယ်၊ လျှောက်သွားလိုက်တယ်၊ ရက်ပိုင်းလောက် အနားယူလိုက်တယ်။ မျိုးစုံပေါ့နော်။ နောက်ပြီး ကျဆုံးသွားတဲ့ ကိုယ့်သူငယ်ချင်းတွေမျက်နှာတွေ၊ သူတို့နဲ့ အပြန်အလှန်ပို့တဲ့စာတွေ ပြန်ပြန်ဖတ်လိုက်ပြီးရင် သူတို့ကို ပေးထားတဲ့ ကတိတွေ ရှိတယ်လေနော်။ တော်လှန်ရေးပြီးတဲ့အထိဆိုတဲ့ ကတိပေါ့။ အဲဒီ ကတိတစ်လုံးကြောင့်ပဲ တွန်းအားလို့ ပြောလို့ရတယ်။” ဟု ဒေါက်တာရဲဇော်က အခက်အခဲများအား ရင်ဆိုင်ခဲ့ပုံကို လင်းပြသည်။
” ဖမ်းဆီးခံ မိတ်ဆွေများအတွက် ဒေါက်တာရဲဇော်၏ တောင်းဆိုချက် “
နွေဦးတော်လှန်ရေး၏ ခက်ခဲကြမ်းတမ်းသော ခရီးကို လျှောက်လှမ်းနေသည့် CDM ဆရာဝန်ဖြစ်သူ ဒေါက်တာရဲဇော်သည် မိမိကြောင့် ထိခိုက်နစ်နာခဲ့ရသူများအပေါ် စိတ်မကောင်းခြင်းကြီးစွာဖြင့် သူ၏ ခံစားချက်ကို ဖွင့်ဟလာခဲ့သည်။
CDM လုပ်ခြင်းကြောင့် မိသားစု ဒုက္ခရောက်ရတာမျိုး မရှိခဲ့သော်လည်း ၎င်းနှင့် အချိတ်အဆက်ရှိခဲ့သူ အချို့သည် အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ယခုထက်တိုင် လွတ်မြောက်လာခြင်း မရှိသေးပေ။
“အကိုမိသားစုဝင်တွေ အကိုကြောင့်၊ အကို CDM လုပ်လို့ဆိုပြီး ဒုက္ခရောက်တယ်ဆိုတာမျိုး ကြီးကြီးမားမားကြီး မရှိခဲ့ဘူးပေါ့နော်။ ပြောရရင် အကိုမိသားစုအကြောင်းကို လိုက်ဖို့ခဲယဉ်းတယ်။ မိသားစုကလည်း မြို့ပေါ်ကလည်း မဟုတ်နေဘူးဆိုတော့လေ” ဟု မိသားစုနှင့်ပတ်သက်၍ ရှင်းပြသည်။
ဒေါက်တာရဲဇော်သည် သူငယ်ချင်းအချို့ ဖမ်းဆီးခံရသည့်အတွက်လည်း စိတ်မကောင်းခြင်းများစွာ ရှိနေသည်။
“သူတို့ကို တောင်းပန်ချင်တာထက် အသက်ရှင်အောင် နေပါဦးလို့ တောင်းဆိုချင်တယ်။ ခေတ်ကောင်းတဲ့အခါ အတူတူ လျှောက်လည်ကြဦးမယ်” ဟု ဒေါက်တာရဲဇော်က မိတ်ဆွေများအတွက် ဆန္ဒပြုစကား ဆိုသည်။
” တော်လှန်ရေး ပန်းတိုင်နှင့် လိပ်ပြာလုံခြင်း “
တော်လှန်ရေးခရီးသည် ဘယ်လောက်ထိ ရှည်ကြာနေပါစေ၊ ဒေါက်တာရဲဇော်အတွက်ကတော့ ပန်းတိုင်က ပြတ်သားပြီးသားဖြစ်သည်။
“တော်လှန်ရေးပြီးတဲ့အထိ” ဟူသည့် ဆုံးဖြတ်ချက်အတိုင်း နယ်မြေဒေသမရွေး၊ နည်းလမ်းမျိုးစုံဖြင့် ဆက်လက် တိုက်ပွဲဝင်သွားရန် ပြင်ဆင်ထားသည်။
“ကရင်နီလွတ်မြောက်သွားပြီး အညာကျန်နေရင် အညာ သွားမယ်။ အညာက ပြီးသွားလို့ ကချင်တို့၊ ကရင်တို့ဘက် ကျန်မယ်ဆိုရင်လည်း အဲဒီဘက်တွေ သွားမှာပဲ” ဟု ၎င်းက ဆိုသည်။
ဒေါက်တာရဲဇော် မြင်တွေ့လိုသော အနာဂတ်ပန်းတိုင်မှာ လူတိုင်း လွတ်လပ်စွာ သွားလာနိုင်ပြီး ကြောက်ရွံ့ခြင်းကင်းသည့် လူ့အသိုင်းအဝိုင်းတစ်ခုပင် ဖြစ်သည်။
မြို့နှင့်ရွာ၊ တစ်နယ်နှင့်တစ်နယ် ကူးလူးသွားလာရာတွင် မည်သည့် စစ်ဆေးရေးဂိတ်၊ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ ကြောက်ရွံ့နေစရာမလိုဘဲ မိမိတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အပြည့်အဝ ကျင့်သုံးနိုင်သည့် အခြေအနေမျိုးကို ၎င်းက မြင်ချင်နေသည်။
“ဘယ်သူ့ကိုမှ မကြောက်ရဘူး။ ဘယ်ဂိတ်ကိုမှ မကြောက်ရဘူး။ အဲလိုမျိုး ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်ရတာမျိုး မြင်ချင်တယ်။ လက်နက်ကိုင်ပြီး အနိုင်ကျင့် ဗိုလ်ကျတာမျိုး မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာနိုင်တဲ့ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းလေးတစ်ခု ဖြစ်စေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကောင်းမွန်သော အပြောင်းအလဲနှင့် တော်လှန်ရေး၏ အောင်မြင်မှုကို မိမိတို့မျိုးဆက်အတွင်းမှာပင် အကောင်အထည်ဖော်နိုင်မည်ဟု ဒေါက်တာရဲဇော်က အခိုင်အမာ ယုံကြည်ထားသည်။
တော်လှန်ရေးအောင်မြင်သည့်နေ့တွင်လည်း ကြီးကျယ်ခမ်းနားသည့် အစီအစဉ်များ ဒေါက်တာရဲဇော်၌ မရှိပေ။
“အရင်ဆုံး ကားလက်မှတ်ဖြတ်၊ အိမ်ကို ပြန်ပေါ့။ ပြီးတော့ အမေတို့၊ အဖေတို့နဲ့ တွေ့ပေါ့။ နောက် ကိုယ့်ညီအကိုမောင်နှမတွေ၊ တူတွေ၊ တူမတွေနဲ့ အတူတူ ရွာမှာပဲနေပြီး အမေချက်ကျွေးတဲ့ ဟင်း၊ ထမင်းလေးစား၊ အဖေနဲ့အတူတူ စကားပြော၊ အဲဒါ ပထမဆုံး လုပ်ဖြစ်မယ်ထင်တယ်။” ဟု ဒေါက်တာရဲဇော်က ၎င်း၏ ရိုးရှင်းလှသော စိတ်ကူးကို ပြောပြသည်။
ထို့အပြင် နောင်တစ်ချိန် မြို့ပြဆေးရုံကြီးများတွင် တာဝန်ပြန်လည် ထမ်းဆောင်ရသည့်နေ့၌ သူကိုယ်တိုင် ပြောမည့်စကားမှာ “ငါ လိပ်ပြာလုံတယ်” ဟူသည့် စကားပင် ဖြစ်သည်။
ဒေါက်တာရဲဇော်သည် ပြည်သူ့ဘဏ္ဍာနှင့် ပြည်သူ့ယုံကြည်မှုကို ဖောက်လှဲဖောက်ပြန် မလုပ်ခဲ့ခြင်း၊ ပုဂ္ဂိုလ်ရေးအရ သဘောထားကွဲလွဲမှုများ ရှိနိုင်သော်လည်း တော်လှန်ရေးနှင့် ပတ်သက်သမျှ ကိစ္စတိုင်းတွင် စိတ်ရှင်းသည်ဟု ဆိုသည်။
“အဓိကတော့ တော်လှန်ရေးကာလအတွင်းမှာ တတ်နိုင်တဲ့ဘက်က လိပ်ပြာလုံလုံလုပ်ခဲ့တယ်။ ငါက အဲလိုလူပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိတယ်။ ပြီးတော့ အိမ်ထောင်များကျခဲ့ပြီး သားသမီးတွေရလာခဲ့ရင်လည်း မင်း အဖေက ဒီလိုမျိုးနေခဲ့တဲ့သူပဲ ဆိုတာမျိုးပေါ့လေ။ ကိုယ့်သားသမီးတွေကိုလည်း ကိုယ့်လိုစိတ်လေးတွေ ရှိစေချင်တာမျိုးပါပဲ။” ဟု ၎င်း၏ စိတ်ကူးကို ပြောကြားခဲ့သည်။
” အာဏာရှင်ကို လက်စားချေချင်သည့် ဆရာဝန်တစ်ဦး၏ ရိုးသားသောဆန္ဒ”
စစ်အာဏာရှင်စနစ်အောက်တွင် နွေဦးတော်လှန်ရေး ၅ နှစ်တာကာလပတ်လုံး ရှင်လျက်နှင့် သေနေရသကဲ့သို့ ခံစားခဲ့ရသည့် ဒုက္ခများအပေါ် ဒေါက်တာရဲဇော်က ရိုးသားသော ရင်တွင်းစကားကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။
နိုင်ငံရေးသမားအချို့က “လက်စားချေခြင်း” ဆိုသည့် စကားလုံးကို ရှောင်လွှဲလိုကြသော်လည်း ဒေါက်တာရဲဇော်ကမူ ထိုစကားလုံးကိုပင် သုံးနှုန်းလျက် ခံစားချက်ကို ဖော်ပြသည်။
ပြည်သူများ ခံစားခဲ့ရသည့် ကြောက်ရွံ့မှု၊ လေယာဉ်ဗုံးဒဏ်နှင့် စားစရာမဲ့မှုမျိုးကို အာဏာရှင်နှင့် ၎င်းတို့၏ မိသားစုများကိုလည်း အမှန်တရားအနေဖြင့် ခံစားသိရှိစေချင်သည်ဟု ဆိုသည်။
“ကျွန်တော် လက်စားချေချင်တယ်။ ကျွန်တော်တို့ ခံစားခဲ့ရတဲ့ အရသာမျိုး သူတို့ကို ခံစားစေချင်တာပါ။ ဘယ်အချိန် လေယာဉ်နဲ့ လာကြဲမလဲ၊ ဘယ်အချိန် သေမလဲဆိုတဲ့ အမြဲတမ်း ထိတ်လန့်နေရတဲ့ ခံစားချက်ကြီးကို အာဏာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကိုလည်း ကျွန်တော်တို့ ခံစားခဲ့ရသလောက် ၅ နှစ်ဆိုရင် သူတို့ကိုလည်း ၅ နှစ်လောက် အဲလိုမျိုး ခံစားစေချင်တာ။” ဟု ၎င်းက ဆိုသည်။
ရှင်သန်ခြင်းဖြင့် အတူတူအိမ်ပြန်ကြစို့။
အခက်အခဲမျိုးစုံကြားမှ ရပ်တည်နေကြသည့် CDM ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမများအားလုံးကို လေးစားစွာ အသိအမှတ်ပြုကြောင်း ဒေါက်တာရဲဇော်က ဆိုသည်။
တော်လှန်ရေးခရီးကြမ်းကို အတူလျှောက်လှမ်းနေကြသည့် CDM ဝန်ထမ်းများ၊ ရဲဘော်များနှင့် ပြည်သူလူထုတစ်ရပ်လုံးကို ရည်ရွယ်၍ “ဒီတော်လှန်ရေးက တစ်ဦးတစ်ယောက်တည်း အားနဲ့ အောင်မြင်မှာမဟုတ်ဘူး။ အားလုံး ဝိုင်းဝန်းကြိုးစားမှ ဖြစ်မှာပါ။ ပြေးနိုင်ရင် ပြေး၊ မပြေးနိုင်ရင် လမ်းလျှောက်၊ လမ်းမလျှောက်နိုင်ရင်လည်း တရွတ်ဆွဲပြီးဖြစ်ဖြစ် အရောက်လိုက်ခဲ့ကြပါ။ လွတ်လပ်တဲ့ နိုင်ငံတစ်ခုကို အတူတူ တည်ထောင်ကြရအောင်ပါ” ဟု ဒေါက်တာရဲဇော်က ဆိုသည်။
ထို့အပြင် မိသားစုဝင်များ သေကွဲရှင်ကွဲ ကွဲကွာနေရသည့် ဝေဒနာများကို ပြည်သူများ ကြံ့ကြံ့ခံရင်း နောင်လာနောက်သား မျိုးဆက်သစ်များအတွက် ဆက်လက် အားစိုက်ထုတ်ကြရန် ဒေါက်တာရဲဇော်က တိုက်တွန်းသည်။
“ကျွန်တော်တို့ အတူတူ ရပ်တည်ကြမယ်၊ အခက်အခဲတွေကို အတူတူ မျှဝေခံစားပြီး အတူတူ ရှင်သန်ကြမယ်။ ကျွန်တော်တို့တွေ အိမ်ပြန်နိုင်ဖို့ ကြိုးစားကြမယ်၊ အားတင်းကြမယ်။ အချိန်တစ်ခုရောက်ရင် အဆိုးတွေပြီးသွားပြီး အကောင်းတွေ ရလာမှာပါ။ အဲဒီအချိန်အထိ အသက်ရှင်အောင် နေထိုင်ကြရအောင်။ အားလုံး အတူတူ အိမ်ပြန်ကြရအောင်ပါ” ဟု ခိုင်မာသော ကတိစကား ဆိုသည်။
လောကနိယာမအရ အဆိုးများလွန်လျှင် အကောင်းများ လာစမြဲဖြစ်ကြောင်း ဒေါက်တာရဲဇော်က ယုံကြည်သည်။ ထို့ကြောင့် အဆိုးဆုံးအချိန်များကို ဖြတ်ကျော်ကာ ပန်းတိုင်ရောက်သည်အထိ အသက်ရှင်သန်နေထိုင်ကြရန် ၎င်းက လေးနက်သော စကားဖြင့် တောင်းဆိုခဲ့သည်။
