ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများကို လွှဲပြောင်းခြင်းက AA နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား အပြုသဘောဆောင်သည့် လုပ်ရပ်ဟုဆို

ဓာတ်ပုံ-APM
ပုံစာ-AA ဘင်္ဂလားဒေ့ရှ်ရေလုပ်သားများကို လွှဲပြောင်းပေးခဲ့သည့် မြင်ကွင်း

ရခိုင်ရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၇၃ ဦးကို အာရက္ခတပ်တော်က ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ထံသို့ တရားဝင် လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများကို အာရက္ခတပ်တော် (AA) က စက်လှေ ၅ စင်းနှင့်အတူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ထံသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ လွှဲပြောင်းပေးအပ်မှုကို မောင်တောမြို့၊ ကညင်ချောင်းစီးပွားရေးဇုန်၏ အရှေ့ဘက်ခြမ်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဖ်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ နှစ်နိုင်ငံ ရေပိုင်နက်အတွင်း၌ ညနေ ၄ နာရီအချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော်က ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများအား ပြန်လည်လွှဲပြောင်းပေးလိုက်ခြင်းသည် နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော လက္ခဏာတစ်ရပ် ဖြစ်သည်ဟု ရှုမြင်ကြောင်း မောင်တောမြို့ခံတစ်ဦးက MPA သို့ ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်က ရေလုပ်သားတွေပေါ့နော်။ သူတို့ကို ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံတွေ့ဆုံပြီး ပြန်လွှတ်ပေးတယ်ဆိုတော့ ကောင်းတဲ့လက္ခဏာတစ်ခုပေါ့။ ကျွန်တော်တို့လည်း ကြိုဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတော့ ဒီလိုလုပ်တာဟာ ရှေ့ဆက်ပြီးတော့ ကောင်းလာမယ်လို့လည်း မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေလုပ်သားများကို ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းခဲ့ခြင်းကြောင့် အာရက္ခတပ်တော် (AA) က ဖမ်းဆီးအရေးယူထားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) က အနိုင်ရရှိခဲ့သည်။

အနိုင်ရပါတီက အာဏာလွှဲပြောင်း လက်ခံယူမည့်နေ့မတိုင်မီ တစ်ရက်အလို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် အာရက္ခတပ်တော် (AA) က ဖမ်းဆီးအရေးယူထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေလုပ်သားများကို ပြန်လည်လွှတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ တရားဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် စနစ်တကျနှင့် ယခုကဲ့သို့ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အစိုးရသစ်အဖြစ် တက်လာမည့်အချိန်တွင် ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် သံတမန်ဆက်ဆံရေးနှင့် ကူးသန်းရောင်းဝယ်ရေးအတွက်ပါ ကောင်းမွန်လာနိုင်ကြောင်း အဆိုပါ မောင်တောမြို့ခံ နောက်တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဖြစ်စေချင်တာကလည်း အဲ့ဒါပါပဲ။ ကုန်စည်စီးဆင်းမှုတွေက နှစ်နိုင်ငံဆက်ဆံရေး အဆင်ပြေနေမှ ကောင်းမွန်လာမှာလေ။ အဲ့ဒါကြောင့် ဒီလိုလုပ်တဲ့ဥစ္စာက ကောင်းတဲ့လက္ခဏာပါပဲ” ဟု ၎င်းက ဆိုသည်။

အာရက္ခတပ်တော် (AA) သည် ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် မောင်တောဒေသအတွင်းရှိ စစ်ကော်မရှင်တပ်၏ စစ်ရေးအရ အရေးပါသည့် တပ်စခန်းကြီး၊ ငယ်များကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးယန္တရားနှင့် တရားစီရင်ရေးလုပ်ငန်းများကို အသက်သွင်းခဲ့သည်။

ယင်းသို့ ထိန်းချုပ်လိုက်ပြီးနောက် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ ရေပိုင်နက်ကျူးကျော် ငါးဖမ်းကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေလုပ်သားများကို မကြာခဏ ဖမ်းဆီးထိန်းသိမ်း အရေးယူမှုများ ရှိခဲ့သည်။

ထို့အပြင် မောင်တောနယ်စပ်တွင် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားမှုရှိနေပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် အာရက္ခတပ်တော်တို့၏ လုံခြုံရေးတင်းကျပ်မှုများကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ သိသိသာသာ ကျဆင်းနေခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများကို AA က ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ခြင်းကြောင့် နယ်စပ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များကိုလည်း နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကူးသန်းရောင်းဝယ်ရေး အခွင့်အလမ်းများ ဖြစ်ထွန်းလာနိုင်ကြောင်း လေ့လာစောင့်ကြည့်နေသူများက သုံးသပ်ပြောဆိုကြသည်။