နေပြည်တော်ညွှန်ကြားချက် ရောက်မလာသေးသဖြင့် မွန်ပြည်နယ်အတွင်း အာဏာခွဲဝေရေးဆိုင်ရာ ကိစ္စရပ်များကို ကြံ့ဖွံ့က အခြားအနိုင်ရပါတီများနှင့် ညှိနှိုင်းဆွေးနွေးမှုမရှိသေးကြောင်း သိရသည်။
မတ်လတတိယပတ်အတွင်း တရားမဝင်လွှတ်တော် အစည်းအဝေးများ စတင်ပြုလုပ်မည်ဟု အာဏာ သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားထားသော်လည်း ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အနိုင်ရ ကြံ့ဖွံ့အမတ်များကိုယ်တိုင်ပင် နေပြည်တော်ညွှန်ကြားချက်ကျမလာသေးသဖြင့် ထိုင်စောင့် နေကြကြောင်း ဒေသတွင်းပါတီများနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးထံက သိရသည်။
“မတ်လတတိယပတ် လွှတ်တော်စမယ်ဆိုတော့ ပုံမှန်အတိုင်းဆိုရင် မွန်ပြည်နယ်မှာ တခြားအနိုင်ရ ပါတီတွေနဲ့ အာဏာ ခွဲဝေတဲ့ကိစ္စလုပ်ကို လုပ်ရတော့မှာလေ။အခုက အဲလိုလုပ်ဖို့မပြောနဲ့။ကြံ့ဖွံ့ကိုယ် တိုင် ဘာမှန်းမသိဘူးဖြစ်နေတယ်။မွန်ပြည်နယ်ကြံ့ဖွံ့မပြောနဲ့။သူတို့ဥက္ကဌ ခင်ရီတောင်မှ မင်းအောင် လှိုင်ပေးသလောက်ပဲ အာဏာရမှာ”ဟု ၎င်းက MPAသို့ပြောသည်။
ပြည်နယ်အဆင့် အစိုးရဖွဲ့စည်းရေးကိစ္စသည်ပင် မင်းအောင်လှိုင်၏ တသွေးတသံတမိန့်အောက်တွင် ရှိနေသည်ဟု မွန်ပြည်နယ်ကြံ့ဖွံ့အသိုင်းအဝိုင်းကြား သတင်းထွက်ပေါ်နေကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် မွန်ပြည်နယ်လွှတ်တော်သို့ စစ်တပ်က တင်သွင်းထားသော အစိတ်သားတပ်ကိုယ်စား လှယ်များထဲမှ ဗိုလ်မှူးချုပ်အောင်ဝင်းသန်းဆိုသူ မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်မည်ဟု တစ်ပေးခံနေ ရပြီး လက်ရှိမွန်ဝန်ကြီးချုပ် အောင်ကြည်သိန်းနှင့် ပတ်သက်၍မူ ခန့်မှန်းချက်အမျိုးမျိုး ထွက်ပေါ်နေ သည်။
“အောင်ကြည်သိန်းကတော့ လွှတ်တော်ဥက္ကဌတောင် မရနိုင်ဘူးလို့ ကြံ့ဖွံ့တွေ ပြောနေကြတယ်။ လွှတ်တော်အမတ်အဆင့်နဲ့ပဲ အောင်ကြည်သိန်းကို နိဂုံးချုပ်ပေးမယ်လို့လည်း ပြောတဲ့သူတွေရှိ တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မွန်ပြည်နယ် တရားမဝင်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုခွင့်ရ နေရာများပါ ထည့်ပေါင်းလျှင် ကြံ့ဖွံ့က ၂၁ နေရာနှင့် မွန်ညီညွတ်ရေးပါတီက ၁၇နေရာဖြင့် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည်။
မွန်ပြည်နယ်ကြံ့ဖွံ့ပါတီဥက္ကဌလည်းဖြစ်သူ အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ် ပြည် နယ်လွှတ်တော်(မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွင့်လင်းမြင်သာ မှုမရှိသည့် သံသယဖြစ်ဖွယ် ကြိုတင်မဲဖြင့် အနိုင်ရခဲ့သည်။အောင်ကြည်သိန်း၏ အနိုင်ရလဒ်ကို ဒေသ ခံများက သံသယရှိကြသော်လည်း မွန်ညီညွတ်ရေးပါတီက အောင်ကြည်သိန်းအား ကြောက်သဖြင့် မကန့်ကွက်ရဲပေ။
