နဂါးနှင့်မိသားစုကိုသာ ရဟတ်ယာဉ်ဖြင့် စစ်တပ် ကယ်ထုတ်၊ ကျန်လက်နက်ချများ ပုလဲမြို့ထဲ၌ သောင်တင်နေဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်

နဂါးနှင့်မိသားစုကိုသာ ရဟတ်ယာဉ်ဖြင့် စစ်တပ်က ကယ်ထုတ်သွားပြီး ကျန်လက်နက်ချ BNRAတပ်သားများမှာ ပုလဲမြို့ထဲတွင် သောင်တင်နေသေးကြောင်း သိရသည်။

နဂါးနှင့်အတူ လက်နက်ချခဲ့သူ စုစုပေါင်း၂၂ဦးအနက် နဂါး၊၎င်း၏အမေ၊ နဂါး၏ မယားကြီးနှင့် သား ၂ယောက်အပါအဝင် ၆ဦးကိုသာ စစ်တပ်က ပုလဲမြို့ပေါ်မှနေ၍ ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်သွား ခြင်းဖြစ်ပြီး ကျန်၁၆ဦးမှာ ပုလဲမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျန်နေခဲ့ကြောင်း ပုလဲမြို့နယ် အတွင်းရှိ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“မနေ့က ၁၈ရက်နေ့ နေ့လယ် ၂နာရီလောက်မှာ ပုလဲမြို့နယ်၊သေတ္တရာရွာရဲ့တောင်ဘက်ကနေပြီး တော့ ပုလဲထွေအုပ်ထဲကနေ ကားတွေနဲ့ နဂါးကို လာခေါ်သွားတာ။၂၂ယောက်ခေါ်သွားတယ်တဲ့။ ၂၂ ယောက်ကို ပုလဲခေါ်သွားပြီးတော့ ၆ယောက်ထဲ ရဟတ်ယာဉ်နဲ့ ခေါ်သွားတယ်တဲ့”ဟု ၎င်းက MPA သို့ယနေ့(ဖေဖေါ်ဝါရီ၁၉ရက်)နံနက်ပိုင်းတွင် ပြောသည်။

နဂါးကို လာခေါ်သည့် ရဟတ်ယာဉ်၂စင်းအနက် တစ်စင်းမှာ ပုလဲပတ်ဝန်းကျင်ကို ပစ်ခတ်ဗုံးချပြီး ကျန်တစ်စင်းက နဂါးနှင့်မိသားစုကို တင်သွားကြောင်း သိရသည်။

နဂါးနှင့် လက်နက်ချအဖွဲ့သည် ၎င်းတို့အခြေစိုက်ရာ ပုလဲမြို့နယ်၊နတ်အင်းတောင်မှ နဂါး၏ ဇာတိရွာ ကြောင်သန်းသို့ ကြိုတင်ရောက်ရှိနေပုံရပြီး ဖေဖေါ်ဝါရီ၁၈ရက်တွင် ကြောင်သန်းမှ သေတ္တရာရွာသို့ ဆိုင်ကယ်ဖြင့် ထွက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

“နတ်အင်းတောင်နဲ့ ကြောင်သန်းနဲ့က အဖြောင့်အတိုင်းဆို ၁၅မိုင်လောက်ဝေးတယ်။ ကြောင်သန်းနဲ့ သေတ္တရာကျတော့ ၂မိုင်ပဲ ဝေးတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဖေဖေါ်ဝါရီ၁၈ရက်က ပုလဲမြို့ပေါ်သို့ ရောက်လာသော ရဟတ်ယာဉ်၂စင်းတွင် စစ်သား၃၀ခန့် ပါလာ ပြီး ယင်းစစ်သားများအားလုံး ပုလဲမြို့ပေါ်၌ ကျန်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့တွင် လက်နက်ချ BNRA တပ်သားများနှင့်အတူ နဂါး၏ ယောက်ဖလည်း ကျန်နေခဲ့သည်ဟု သတင်းရကြောင်း ၎င်းက ဆိုသည်။