ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အရှေ့ဘက်ကမ်းနေ ဒေသခံပြည်သူများအား PNO မှ အဝင်မခံတော့ဘဲ ပြည်သူပိုင်ပစ္စည်းများအား စစ်ကော်မရှင် နှင့် PNO မှ ခိုးယူနေကြောင်း ဆင်ဖြူရွာနေ ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်ကာ ဖယ်ခုံမြို့နယ်၊ အရှေ့ဘက်ကမ်းတစ်ကြောအား PNO မှ ထိန်းချုပ်ကာ စစ်ကော်မရှင်တပ်မှ လုံခြုံရေး ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆင်ဖြူရွာနေ ဒေသခံတစ်ဦးက ပြောသည်။
“အခုက နေရပ်ပြန်နေချင်တဲ့သူတွေကို PNO က စာရင်းကောက်တယ်၊ ပြန်တော့မနေခိုင်းသေးဘူး။ PNO က မသင်္ကာတဲ့သူနဲ့ ပိုက်ဆံရှိတဲ့သူတွေဆို ပိုက်ဆံတောင်းခံတာမျိုးရှိတယ်။ ပိုက်ဆံတစ်ခါတောင်း သိန်းသုံးဆယ်ကနေ သိန်းနှစ်ရာကျော်အထိ အခြေအနေကြည့်ပြီးကောက်တာ။ အထက်ကကောက်ခိုင်းတာဟုတ်မဟုတ်တော့မသိဘူး၊ မေးလဲမမေးရဲဘူး။ စစ်တပ်ထက် PNO က ပိုကြမ်းလို့လေ” ဟု ၎င်းက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ဘုရားတောင်အုပ်စု၊ နမ့်တုတ်အုပ်စု၊ ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်းနှင့် လွယ်ပေါကျေးရွာမှ နောင်လှိုင်ကျေးရွာအထိရှိ စစ်ရှောင်ပြည်သူများကို ခံဝန်ကတိဖြင့် နေရပ်ပြန်ခိုင်းကာ ဆက်ကြေးကောက်ခံနေခြင်းဖြစ်ကြောင်း လွယ်ပေါကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
“နမ့်တုတ်နဲ့ လွယ်ပေါရွာတွေဘက်က စစ်ရှောင်တွေကို နေရပ်ပြန်လာခိုင်းတယ်၊ နောင်သိမ်မှာဆို ပြန်မလာရင် သိမ်းမယ်ပြောတယ်။ ရွေးကောက်ပွဲမစခင်ကတည်းက ပြန်နေတဲ့သူတွေဆို မှတ်ပုံတင်တောင်းပြီးကို မဲထည့်ခိုင်းတာတို့ တစ်အိမ်ကို ၅ သောင်းကောက်တာကိုက အဲ့ကာလထဲက ရှိနေတာ” ဟု ၎င်းက ပြောသည်။
အိမ်ခြေ ၁၆၀ နီးပါးရှိသည့် နမ့်တုတ်ရွာတွင် စစ်ကော်မရှင်ခန့် PNA ပြည်သူ့စစ်မှ ကျေးရွာလုံခြုံရေးအတွက်ဆိုကာ ဒေသခံများအား တစ်အိမ်လျှင် ၂ သိန်းကျပ်မှ ၅ သိန်းကျပ်အထိ တောင်းခံလျက်ရှိသည်။
အလားတူ ဆီဆိုင်မြို့ နောင်သိမ်ကျေးရွာတွင် PNO မှ နေရပ်ပြန်ဒေသခံများအား စိစစ်မည်ဖြစ်ကြောင်းနှင့် အိမ်ခြံမြေနှင့် လယ်ယာများအတွက် သိန်း ၃၀ ကျပ်မှ သိန်း ၃၀၀ အထိ တောင်းခံနေကြောင်း နောင်သိမ်ဒေသခံတစ်ဦးက ပြောသည်။
“အခုက ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာကိုပါ ရန်တိုက်ပေးနေတာ၊ ခရစ်ယာန်တွေဆို နေရပ်ပြန်ခွင့်မပြုဘူး၊ သူတို့ပြုချင်တဲ့သူလောက်ပဲ ခွင့်ပြုတာ၊ ပြန်မလာရင်လည်း ရောင်းစားပစ်မယ်လို့ ခြိမ်းခြောက်တယ်၊ စစ်ရှောင်နေတဲ့သူတွေကို PDF နဲ့ ပေါင်းစားတယ်လို့ပဲ ထင်တာ” ဟု ၎င်းက ပြောသည်။
နောင်သိမ်ကျေးရွာသည် အိမ်ခြေတစ်ရာနီးပါးရှိပြီး အများစုမှာ တောင်ကြီးမြို့တွင် နေထိုင်ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်အတွက် PNO လုပ်ဆောင်နေမှုများအား စစ်ကော်မရှင်တပ်မှ ဝင်ရောက်ဖြေရှင်းပေးခြင်းမရှိကြောင်း MPA က စုံစမ်းသိရှိရသည်။
ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၇ မှ သင်တန်း ၃ ခုဆင်းကာ ဖယ်ခုံအရှေ့ဘက်ကမ်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးကမူ စစ်ကော်မရှင်တပ်ပါ PNO နှင့်အတူ ပစ္စည်းများခိုးယူကြောင်း ပြောသည်။
“ကျွန်တော်တို့ အပတ်စဉ် ၇ က သူငယ်ချင်း ၄ ယောက်က ဖယ်ခုံအရှေ့ဘက်ကမ်းကို ကိုင်တဲ့ဗျူဟာရုံးက လူကြီးနားမှာ လုံခြုံရေးကျတာ၊ ဗျူဟာရုံးနားက ဓမ္မာရုံမှာ သွပ်ပြားကစပြီး ရေပိုက်အထိ လာပုံထားတာ၊ မိုးဗြဲတို့ တခြားတိုက်ပွဲဖြစ်တဲ့ရွာတွေကနေ ပတ်ခိုးတာပေါ့၊ ရောင်းပေးတာက PNO၊ အဓိက ဝယ်တာက ရေစက်၊ မီးစက်၊ တံခါးဘောင်နဲ့ ရေပိုက်တွေပေါ့။ ဆိုဖာတွေ ရေခဲသေတ္တာတွေကိုကျ စစ်ကော်မရှင်က PNO ဆီက ပြန်ဝယ်ရတာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်နှင့် PNA ပြည်သူ့စစ်များသည် ဖယ်ခုံအရှေ့ခြမ်းရှိ ကျေးရွာများတွင် အင်အားသုံးစိုးမိုးထားပြီး ရွာသားများအား ကင်းစောင့်ခိုင်းခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် အကြောင်းမဲ့ဖမ်းဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
