၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နိုင်ငံအား စစ်အုပ်ချုပ်ရေးကြေညာရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့် တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆွတ်ခ်ယောကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တရားရုံးက နိုင်ငံတော်ပုန်ကန်မှုကို ဦးဆောင်ခဲ့သည့်အတွက် ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်တစ်သက် စီရင်ချက် ချမှတ်လိုက်သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အရေးပေါ်အုပ်ချုပ်ရေး ပြဋ္ဌာန်းရန် ကြိုးပမ်းမှုသည် နိုင်ငံတော်၏ နိုင်ငံရေးအကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံ၏ ဒီမိုကရေစီ အခြေအမြစ်များ၏ ကြံ့ခိုင်မှုကို စမ်းသပ်ရာ ရောက်ခဲ့သည်။
အသက် ၆၅ နှစ်အရွယ် ယွန်းဆွတ်ခ်ယောကိုသေဒဏ်ပေးရန် အစိုးရရှေ့နေများက ဇန်နဝါရီလအတွင်း တောင်းဆိုခဲ့ပြီး ၎င်း၏ “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သော၊ တရားမဝင်သော အရေးပေါ်စစ်အုပ်ချုပ်ရေးသည် အမျိုးသားလွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းဆောင်တာများကို ထိပါးစေခဲ့ကာ လစ်ဘရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမိန့်အာဏာကို လက်တွေ့ကျကျ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။
တောင်ကိုရီးယား ဥပဒေအရ ပုန်ကန်မှုတစ်ခုကို နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်ခြင်းသည် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ် သို့မဟုတ် ထောင်ဒဏ် တစ်သက်အထိ ပြစ်ဒဏ် ချမှတ်နိုင် သည်။
တောင်ကိုရီးယားနိုင်ငံသည် နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် သေဒဏ်ချမှတ်ခဲ့သော်လည်း ၁၉၉၇ ခုနှစ်နောက်ပိုင်း သေဒဏ်စီရင်ခြင်း မရှိတော့ပါ။
ယွန်းအနေဖြင့် ဖေဖော်ဝါရီ ၁၉ ရက် စီရင်ချက်အပေါ် အယူခံဝင်ရန် မျှော်လင့်ရပြီး အယူခံတရားရုံး၏ ဆုံးဖြတ်ချက်ကိုလည်း တရားလွှတ်တော်ချုပ်တွင် ထပ်မံရင်ဆိုင်နိုင်သည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ပြည်ထဲရေးဝန်ကြီးဟောင်း လီဆန်းမင်း သည် ယွန်း၏ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်သော ပုန်ကန်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် စွဲချက်များဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။
ဝန်ကြီးချုပ်ဟောင်း ဟန်ဒပ်ဆူးသည်လည်း အလားတူစွဲချက်များဖြင့် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။
လီနှင့် ဟန်တို့သည် စစ်အုပ်ချုပ်ရေး ကြေညာမှုတွင် ပါဝင်ခဲ့မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရသည့် ယွန်း၏ အစိုးရအဖွဲ့အတွင်းမှ ပထမဆုံးသော ဝန်ကြီးနှစ်ဦး ဖြစ်သည်။
တရားရင်ဆိုင်မှု ၈ ခုနှင့် ရင်ဆိုင်နေရသော ယွန်းသည် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ၎င်းအား ဖမ်းဆီးရန် ကြိုးပမ်းသည့် အာဏာပိုင်များကို နှောင့်ယှက်ဟန့်တားမှု အပါအဝင် အခြားစွဲချက်များအတွက် သီးခြားတရားခွင်တစ်ခုတွင် ဇန်နဝါရီလအတွင်းက ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရပြီး ဖြစ်သည်။ ၎င်းက အဆိုပါစီရင်ချက်အပေါ်လည်း အယူခံဝင်ထားသည်။
