ကချင်ပြည်နယ်၊ ဖားကန့်မြို့တိုက်ပွဲများကြောင့် G12 စာမေးပွဲကို ကာမိုင်းမြို့သို့ စာစစ်ဌာနပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
ဇန်နဝါရီ ၃၀ ရက်မှ စတင်ခဲ့သော ဖားကန့်မြို့တိုက်ပွဲများသည် ဖေဖော်ဝါရီ ၁၄ရက်၌ ရပ်တန့်သွားသော်လည်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သောကြောင့် လုံးခင်းကျေးရွာနှင့် ဆိပ်မူကျေးရွာတို့ရှိ ကျောင်းသား၊ကျောင်းသူများ ကာမိုင်းမြို့သို့ သွားရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
” အရင်နှစ်တွေက အထက – ဖားကန့်မှာပဲ စာစစ်ဌာနလုပ်တော့ ဆရာ၊ ဆရာမတွေရော ကျောင်း သား၊ကျောင်းသူတွေရော အဆင်ပြေကြတာပေါ့။ ခုကျ ဖားကန့်မြို့ပေါ် တိုက်ပွဲတွေကလည်း ဖြစ် ထား။ စာသင်ကျောင်းထဲ လက်နက်ကြီးလည်းကျထားတော့ စစ်ရေးကြောင့် ကာမိုင်းကို စာစစ်ဌာန ရွှေ့တယ်လို့ သိရတယ်။ ခုက စာမေးပွဲ ၆ရက်လုံး အသွားအပြန်လုပ်တာနဲ့တင် လမ်းစရိတ်ကထောင်း နေပြီ။ ကလေးတွေလည်း စာလုပ်ချိန်မရဘဲ လမ်းမှာပဲ အချိန်ကုန်မှာ။ ကာမိုင်းမှာ အသိရှိသူတွေကျ ပြေနိုင်ပေမဲ့ အသိမရှိသူတွေကျ တည်းခိုခန်းငှားရပြုရဆို ပိုကုန်မှာ။ စီးပွားရေးတွေလည်း လုပ်မ ကောင်းတော့ စားဝတ်နေရေးတောင် မနည်းရုန်းကန်နေရတာလေ ” ဟု ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက MPA ကို ပြောသည်။
ဖေဖော်ဝါရီ ၁၇ရက်တွင် စစ်တပ်ခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် (ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး) ၊ ဗဟိုကော်မတီ ( KIO ) နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဖားကန့်မြို့ရပ်မိရပ်ဖများကို လိပ်မူကာ ဖားကန့်မြို့၊လုံးခင်းနှင့် ဆိပ်မူကျေးရွာတို့ရှိ ကျောင်းသားမိဘများက အထက – ဖားကန့်သို့ စာစစ်ဌာနရွှေ့ပြောင်းပေးရန် အသနားခံစာ တင်ခဲ့သော်လည်း အကြောင်းမထူးခဲ့ကြောင်း ၎င်းကပြောသည်။
” အကျိုးအကြောင်းပြောပြီး စာပတ်တင်တာပဲ။ မထူးဘူးလေ။ မနေ့က ကျောင်းတွေက အစည်းအ ဝေးခေါ်ပြီး ၆သိန်းလောက် ကောက်ပြီး နေထိုင်သွားလာရေး အစအဆုံးစီစဉ်ပေးမယ်ဖြစ်သေးတယ်။ မိဘတွေဘက်က မပြေလည်ကြောင်း ပြန်ပြောကြ၊ ဆွေးနွေးကြရင်း မကောက်တော့ဘူး။ ကိုယ့်ဟာ ကိုယ် လုပ်ကြဖြစ်သွားတာ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဖားကန့်မြို့၊ လုံးခင်းနှင့် ဆိပ်မူကျေးရွာတို့သည် ကာမိုင်းမြို့နှင့် မိုင်၃၀ကျော် ကွာဝေးသည်။
မတ်လ ၁၁ရက် စတင်မည့် တက္ကသိုလ်ဝင်စာမေးပွဲသည် မတ်လ ၁၄ရက်အထိ ၄ရက်ဆက်တိုက် ဖြေဆိုပြီးနောက် တစ်ရက်ပိတ်ကာ မတ်လ ၁၆ရက်နှင့် ၁၇ရက်၌ ကျန်နှစ်ဘာသာကို ဆက်လက်ဖြေဆိုရမည် ဖြစ်သည်။
စာတည်း-ML
