အဝတ်အစား အသစ်ဝယ်ယူရန်ပင် စဉ်းစားပြီး တော်လှန်ရေးလုပ်နေရဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။
ဒေါ်ကြည်ပြာ နှင့် ခင်ပွန်းဖြစ်သူတို့အား တိုင်ကြားမှုနဲ့ပက်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်၊သုံးသပ်ချက်များနှင့် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ ဆောင်ရွက်ချက်များအား ပြည်သူလူထုထံသို့ တင်ပြ အစီရင်ခံခြင်းနှင့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာ ဇော်ဝေစိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။
” NUG ဝန်ကြီး ဘယ်ဝန်ကြီး ဖြစ်ဖြစ်မေးကြည့်ပါ လစာဆိုတာဝေးကော၊ တော်လှန်ရေးလုပ်နေတာ၊ ဒါ့ကြောင့် ဒီကိစ္စအရမ်းခက်ခဲတယ်။ ဒါပေမယ့် ကျတော်တို့ အခုကြိုးစားနေတယ်။ ဒါ့အပြင် ကျတော်တို့ အဝတ်အစားတောင် လဲမဝတ်နိုင်ဘူး။ ဝယ်ဖို့ဆိုတာ အတော်စဉ်းစားပြီးမှ ဝယ်ရတာဖြစ်တယ်။ မရှိပါဘူး။ တယ်လီဖုန်းတွေ ကွဲနေပြီ၊ ကွန်ပျူတာတွေအက်နေပြီ အဲ့ဒါနဲ့ ကျတော်တို့ တော်လှန်ရေးလုပ်နေတာဖြစ်ပါတယ်လို့ ဒီလောက်ဆို သိပါလိမ့်မယ် ” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ အစိုးရအဖွဲ့ဝင်များ၏ လူမှုစီးပွား အခက်အခဲများကို ထုတ်ဖော်ပြောကြားခြင်းမှာ တော်လှန်ရေးအစိုးရအတွင်း ပွင့်လင်းမြင်သာမှုရှိရန်နှင့် ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားပြုလုပ်ခြင်းမရှိဘဲ အနစ်နာခံ ဆောင်ရွက်နေမှုကို သိစေလိုရင်းဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
ဒေါ်ကြည်ပြာကိစ္စနှင့် ပတ်သက်၍လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များကို အခြေခံကာ တရားဥပဒေစိုးမိုးရေးနှင့် တာဝန်ခံမှုရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။
စာတည်း-ကိုဆန်း
