ချင်းမိုင်တွင် ဗိုင်းရပ်စ်ပိုးကြောင့် ကျား ၇၂ ကောင်သေဆုံး

AFP

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်၊ မယ့်ရင်း ကျားဂေဟာ (Mae Rim Tiger Kingdom) နှင့် မယ့်တန် (Mae Taeng) ခရိုင်ရှိ ကျားဂေဟာတစ်ခုတို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ကျားအကောင်ရေ ၇၂ ကောင် ထူးဆန်းစွာသေဆုံးခဲ့ကြောင်း သတင်းရရှိပြီးနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သေဆုံးရသည့်အကြောင်းရင်းကို သိရှိနိုင်ရန် ခွဲစိတ်စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း အဆိုပါဂေဟာနှစ်ခုစလုံး၌ စုစုပေါင်း ကျားအကောင်ရေ ၇၂ ကောင် သေဆုံးခဲ့ပြီး၊ မယ့်ရင်ဂေဟာတွင် ၂၁ ကောင်နှင့် မယ့်တန်ဂေဟာတွင် ၅၁ ကောင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အမှတ် (၁၆) ကာကွယ်တောဒေသဆိုင်ရာရုံး (ချင်းမိုင်) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ချင်းမိုင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ဖေဖော်ဝါရီ ၂၀ ရက် ထုတ်ပြန်ချက်တွင် သေဆုံးသွားသည့်ကျားများ၌ အလွန်ကူးစက်လွယ်သော ခွေးရူးပြန်ရောဂါဗိုင်းရပ်စ် (Canine Distemper Virus) နှင့် အသက်ရှူလမ်းကြောင်းကို ထိခိုက်စေသည့် ဘက်တီးရီးယားပိုးများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

CDV ဗိုင်းရပ်စ်သည် ခွေးမျိုးနွယ်ဝင် တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသော်လည်း တောရိုင်းကြောင်မျိုးနွယ်ဝင် အကောင်ကြီးများတွင်လည်း တွေ့ရှိရတတ်သည်။

အဆိုပါရောဂါသည် အသက်ရှူလမ်းကြောင်းနှင့် အစာခြေစနစ်တို့ကို ထိခိုက်စေနိုင်ပြီး အချို့သောအခြေအနေများတွင် အာရုံကြောစနစ်အထိ ကူးစက်ပြန့်နှံ့သွားနိုင်ပါသည်။ CDV ဗိုင်းရပ်စ်သည် တိရစ္ဆာန်မှ လူသို့ကူးစက်နိုင်သောရောဂါ (Zoonotic disease) မဟုတ်သည့်အတွက် လူသားများထံ ကူးစက်နိုင်ခြေအပေါ် မိဘပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဆွမ်ချန် ရတနာမွန်ကလန်နွန်က ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းစဉ်များတွင် တိရစ္ဆာန်လှောင်အိမ်များကို အသေအချာ သန့်ရှင်းရေးလုပ်ခြင်းနှင့် ပိုးသတ်ခြင်း၊ ဖျားနာနေသော တိရစ္ဆာန်များကို အခြားအကောင်များမှ သီးသန့်ခွဲထုတ်ထားခြင်းနှင့် ရောဂါကူးစက်ပြန့်နှံ့မှု အန္တရာယ်ကို လျှော့ချနိုင်ရန် ကျန်ရှိနေသော ကျားများကို ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လှောင်အိမ်အတွင်း မွေးမြူထားစဉ် မျိုးရိုးတူအချင်းချင်း မိတ်လိုက်သားဖောက်ခြင်း (Inbreeding) သည်လည်း ရောဂါခုခံနိုင်စွမ်းကို အားနည်းစေပြီး ကူးစက်ရောဂါများကို ပိုမိုဖြစ်ပွားစေနိုင်သည့် အထောက်အကူပြုအချက်တစ်ခုဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ကိုးကားဖော်ပြခဲ့သည်။

“ကျားတွေ ဖျားနာတဲ့အခါ ကြောင် ဒါမှမဟုတ် ခွေးတွေလိုမျိုး ရောဂါရှာဖွေရတာ ပိုခက်ခဲပါတယ်။ သူတို့ နေမကောင်းဖြစ်နေတာကို ကျွန်တော်တို့ သတိပြုမိတဲ့အချိန်မှာတော့ အခြေအနေက နောက်ကျသွားပါပြီ” ဟု ဆွမ်ချန် ရတနာမွန်ကလန်နွန်က မီဒီယာများကို ပြောကြားခဲ့သည်။

“ဒီကျားတွေဟာ သူတို့ ရှင်သန်ခဲ့ရတဲ့အတိုင်းပဲ ဆင်းရဲဒုက္ခတွေ၊ ပိတ်လှောင်ခံရမှုတွေနဲ့ ကြောက်ရွံ့မှုတွေကြားမှာ သေဆုံးခဲ့ကြရတာပါ” ဟု တိရစ္ဆာန်အခွင့်အရေးဆို င်ရာအဖွဲ့အစည်းဖြစ်သည့် PETA Asia က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

” ခရီးသွားတွေသာ ဒီလိုနေရာတွေကို မလာရောက်ကြဘူးဆိုရင် ဒီလုပ်ငန်းတွေဟာ အမြတ်အစွန်းမရှိတော့ဘဲ မကြာခင်မှာ ရပ်တန့်သွားမှာဖြစ်သလို အခုလို ဝမ်းနည်းစရာ ဖြစ်ရပ်မျိုးတွေဟာလည်း ဖြစ်ပေါ်လာနိုင်ခြေ အလွန်နည်းပါးသွားမှာပါ” ဟု အဆိုပါအဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။