မြန်မာ့တော်လှန်ရေး သမိုင်းတစ်လျှောက်တွင် စစ်တပ်သည် “သွေးခွဲအုပ်ချုပ်ခြင်း” (Divide and Rule) နည်းဗျူဟာကို ၎င်းတို့၏ အသက်တမျှ အရေးပါသော လက်နက်တစ်ခုအဖြစ် ကျင့်သုံးခဲ့သည်။
ဘုံရန်သူကို တိုက်ခိုက်နေကြသည့် မိတ်ဖက်အဖွဲ့အစည်းများအကြား လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေအကျိုးစီးပွားနှင့် ခေါင်းဆောင်မှုဆိုင်ရာ အားပြိုင်မှုများကို အသုံးချကာ မိတ်ဖက်ပဋိပက္ခများ ဖြစ်ပွားလာစေရန် စနစ်တကျ သွေးထိုးလှုံ့ဆော်လေ့ရှိသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ဗိုလ်နဂါး စစ်ကော်မရှင်ထံ လက်နက်ချခိုလှုံသွားသည့် ကိစ္စနှင့် ပတ်သက်၍ တော်လှန်ရေးအင်အားစုများအကြား ဂယက်ရိုက်ခတ်မှုများစွာ ရှိခဲ့သည်။
ဤဖြစ်စဉ်ကို အပေါ်ယံကြည့်ပါက စစ်ကော်မရှင်၏ ထောက်လှမ်းရေးယန္တရားသည် အလွန်ကြီးကျယ်ခမ်းနားပြီး ရေရှည်စီမံကိန်းများဖြင့် ထိုးဖောက်နိုင်စွမ်းရှိသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်။
သို့သော် မြေပြင်အရှိတရားနှင့် ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်း အတွေ့အကြုံများအရ ယင်းမှာ စစ်အုပ်စု၏ ရိုးရှင်းပြီး အသုံးတော်ခံသက်သက်ဖြစ်သော သွေးခွဲဝါဒဖြန့်ချိရေး အကွက်တစ်ခုသာ ဖြစ်ကြောင်း ထင်ရှားနေပါသည်။
သူလျှိုဆိုသည့် ပုံပြင်
ဗိုလ်နဂါးသည် အစကတည်းက စစ်တပ်က ရေရှည်စီမံကိန်းဖြင့် မွေးထားသော၊ ရန်သူ့ကြားတွင် မြှုပ်နှံထားသော သူလျှိုတစ်ဦး (Sleeper Agent) ဖြစ်သည်ဆိုသည့် မှန်းဆချက်များမှာ ယုံတမ်းစကားသက်သက်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မြန်မာစစ်တပ်၏ ထောက်လှမ်းရေးယန္တရားသည် ထိုမျှလောက် အဆင့်အတန်းမြင့်မားပြီး စွမ်းဆောင်ရည် ပြည့်ဝခြင်း မရှိသောကြောင့် ဖြစ်သည်။
အတိတ်ကာလ ဗိုလ်သန်းရွှေ လက်ထက်မှစ၍ စစ်ထောက်လှမ်းရေး အဖွဲ့အစည်းအသီးသီးသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုပင် ကွဲကွဲပြားပြား မှတ်မိသိရှိခဲ့ခြင်း မရှိပေ။
လက်ရှိကာလတွင်လည်း မြေပြင်၌ လုံးဝရှိမနေသူများကို ဝရမ်းထုတ်ခြင်း၊ ပညာရေးသပိတ်တွင် မပါဝင်သူများကို ဦးဆောင်သူအဖြစ် သတင်းစာထဲ ထည့်သွင်းကြေညာခြင်း၊ အရင်တစ်နှစ်ခန့်ကတည်းက ပြောင်းရွှေ့သွားသော နေအိမ်များကို သွားရောက်ဝိုင်းရံခြင်း စသည့် လွဲချော်မှုပေါင်းများစွာကို ကျူးလွန်လျက်ရှိသည်။
အမှန်တကယ်တွင် စစ်တပ်အတွင်း၌ ရန်သူ့အလယ်တွင် အသက်စွန့်ကာ ဝင်ရောက်မြှုပ်နှံမည့် အတွေးအခေါ်နှင့် လုပ်နိုင်စွမ်းရှိသည့် အရင်းအမြစ်မှာ မရှိတော့ဟု ဆိုနိုင်သည်။
စစ်ကော်မရှင် အဓိကအားသန်သည့် နည်းဗျူဟာမှာ အခွင့်အရေးသမားများကို အသုံးချပြီး ဝါဒဖြန့်ခြင်းနှင့် တော်လှန်ရေးအင်အားစုများအကြား သံသယမျိုးစေ့ချပေးခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးစစ်ဆေးရာတွင်ပင် အမှုတွဲများထဲမှ တစ်ဦးကို မျက်နှာသာပေးဆက်ဆံပြခြင်း၊ အစားအသောက်ကျွေးခြင်း၊ ရင်းရင်းနှီးနှီး ဆက်ဆံပြခြင်းများ ပြုလုပ်ကာ ကျန်ရဲဘော်များက ယင်းသူအား သစ္စာဖောက်အဖြစ် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်လေ့ရှိသည်။
ယခု ဗိုလ်နဂါး လက်နက်ချသည့် ဓာတ်ပုံထွက်လာရာတွင်လည်း ခါး၌ သေနတ်ကို တမင်တကာ ချန်ထားပေးခြင်းမှာ တော်လှန်ရေးအစုအဖွဲ့များအကြား ဝိဝါဒကွဲပြားစေရန်နှင့် အချင်းချင်း သံသယပွားစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသည့် စစ်အုပ်စု၏ စိတ်ဓာတ်စစ်ဆင်ရေး အကွက်တစ်ခုသာ ဖြစ်သည်။
သူလျှိုအဖြစ် ရေရှည်မြှုပ်နှံထားသူသာဆိုလျှင် တော်လှန်ရေးအင်အားစုအားလုံးနှင့် အချိန်ဆွဲပေါင်းသင်းပြီး အချိန်တန်မှ အကြီးမားဆုံး ဒုက္ခပေးမည့် နည်းလမ်းကိုသာ ရွေးချယ်မည်ဖြစ်သည်။
သမိုင်းကပေးသောသင်ခန်းစာ
အထင်ရှားဆုံးနှင့် တော်လှန်ရေးအတွက် အနာကျင်ရဆုံး သာဓကတစ်ခုမှာ ၁၉၉၄ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး (KNU) အတွင်း ဖြစ်ပွားခဲ့သော ကွဲလွဲမှုဖြစ်သည်။
KNU အတွင်းရှိ ခေါင်းဆောင်မှုပိုင်းနှင့် အောက်ခြေရဲဘော်များအကြား ဘာသာရေးအခြေခံ (ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ) ကွဲလွဲမှုများကို စစ်ထောက်လှမ်းရေးက အခွင့်ကောင်းယူကာ စနစ်တကျ သွေးထိုးလှုံ့ဆော်ခဲ့သည်။
ရလဒ်အနေဖြင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) ဟု ခွဲထွက်သွားခဲ့ပြီး စစ်တပ်နှင့် ပူးပေါင်းသွားခဲ့သည်။
ယင်းမိတ်ဖက်ပဋိပက္ခ၏ နောက်ဆက်တွဲအဖြစ် ၁၉၉၅ ခုနှစ်တွင် အခိုင်မာဆုံးသော တော်လှန်ရေးဌာနချုပ်ဖြစ်သည့် “မာနယ်ပလော” စခန်းကြီး ကျဆုံးခဲ့ရသည်။
မိမိတို့အချင်းချင်း သွေးကွဲသွားချိန်တွင် ရန်သူက အလွယ်တကူ အမြတ်ထုတ်သွားနိုင်ကြောင်း ပြသခဲ့သည့် သမိုင်းဝင် သင်ခန်းစာတစ်ခုပင် ဖြစ်သည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များအကြား နယ်မြေစိုးမိုးရေး အငြင်းပွားမှုများကို အသုံးချကာ စစ်အုပ်စုက ၎င်းတို့နှင့် နီးစပ်ရာအဖွဲ့ကို လက်နက်တပ်ဆင်ပေးခြင်း၊ ကျောထောက်နောက်ခံပြုပေးခြင်း၊ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခိုင်းခြင်းများကို လုပ်ဆောင်ခဲ့သည်။
မိတ်ဖက်အင်အားစုများအချင်းချင်း တိုက်ခိုက်နေချိန်တွင် စစ်တပ်က ဘေးမှထိုင်ကြည့်ကာ တော်လှန်ရေးအင်အား အချင်းချင်း ချေမှုန်းကြစေရန် ဖန်တီးခဲ့သည့် သာဓကများစွာ ရှမ်းပြည်နယ်အခင်းအကျင်းတွင် ယနေ့တိုင် မြင်တွေ့နေရဆဲဖြစ်သည်။
ကချင်ပြည်နယ်တွင်လည်း ၁၉၈၉ ခုနှစ်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) မှ ခွဲထွက်သွားသော ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် NDA-K အဖွဲ့ကို စစ်တပ်က နယ်ခြားစောင့်တပ်/ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း အသိအမှတ်ပြုကာ ဒေသတွင်း မိတ်ဖက်များအကြား အင်အားချည့်နဲ့သွားစေရန် အသုံးချခဲ့သည်။
မိတ်ဖက်ပဋိပက္ခနှင့် တော်လှန်ရေးသတိ
ဤသမိုင်းဖြစ်စဉ်များက သက်သေပြနေသည်မှာ စစ်တပ်သည် တော်လှန်ရေးအင်အားစုများ စည်းလုံးညီညွတ်နေချိန်တွင် မည်သည့်အခါမျှ အလွယ်တကူ အနိုင်မရခဲ့သော်လည်း၊ မိတ်ဖက်များအကြား အက်ကြောင်းထလာချိန်တိုင်းတွင် ထိုအက်ကြောင်းကို ကြီးမားအောင် ချဲ့ထွင်ကာ တော်လှန်ရေးကို ချေမှုန်းလေ့ရှိသည် ဆိုသည့်အချက်ပင် ဖြစ်သည်။
ယနေ့ နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် အင်အားစုများ၊ အထူးသဖြင့် လက်နက်ကိုင် တော်လှန်နေကြသော အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုများ ရှိလာပါက ရန်သူ စစ်အုပ်စု၏ အသုံးချခံ၊ သွေးခွဲခံရမည့် အခြေအနေသို့ မရောက်ရှိစေရန် အထူးသတိပြုရမည် ဖြစ်သည်။
မိတ်ဖက်ပဋိပက္ခများကို ဖြေရှင်းရာတွင် ကျည်ဆန်များ၊ လက်နက်များကို အသုံးမပြုဘဲ နိုင်ငံရေးအရ၊ တွေ့ဆုံဆွေးနွေးမှုအရသာ ချဉ်းကပ်ဖြေရှင်းသင့်ကြောင်းကို အတိတ်သမိုင်းက ခိုင်ခိုင်မာမာ သတိပေးလျက်ရှိသည်။
စာတည်း-ကိုဆန်း
