စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင်းမှ ထွက်လာသော ကင်းထောက်စစ်သားများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၂၂ရက်၊နံနက်၉နာရီခန့်တွင် ပုလဲမြို့နှင့် အလယ်ဘုံရွာကြားရှိ ဆည်ဘောင်တွင် PDFရဲ ဘော်များ ကင်းပုန်းဝပ်နေစဉ် ကင်းထောက်စစ်သား၄ဦး ထွက်လာသဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ် ကြောင်း ယင်းမာပင်ခရိုင် အမှတ်၁၀တပ်ရင်းထံက သိရသည်။
“ကျနော်တို့က မိုင်းနဲ့ ကင်းပုန်းဝပ်နေတာ။ဒီကောင်တွေက စစ်ကြောင်းထွက်မလာခင်မှာ ဒရုန်းတွေနဲ့ လာပြီးတော့ ဒီလမ်းကြောင်းကြီးကို လာကြည့်တာ၊စစ်သား၄ယောက်လာတယ်။ပုလဲမြို့နဲ့ ၅ဖါလုံ ကျော်လောက်ပဲ ဝေးတယ်”ဟု ယင်းမာပင်ခရိုင်အမှတ်၁၀ တပ်ရင်းမှူး ရဲဘော်ပေက MPAသို့ပြော သည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို ပုလဲမြို့တွင်းရှိ သတင်းရင်းမြစ်များထံက သိရသည်ဟု ၎င်းက ဆိုသည်။
“ကျနော်တို့ မိုင်းဆွဲဖို့က အဆင်မပြေတာနဲ့ ပေ၁၅၀လောက် အကွာကနေ သေနတ်နဲ့ ၄ယောက်ကို ပစ်တာ၊ ၂ယောက်ကို မှန်တယ်”ဟု ရဲဘော်ပေက ဆက်လက်ပြောသည်။
ပုလဲမြို့တွင်းမှ စစ်ကြောင်းသည် သေတ္တရာရွာသို့ သွားရန် ကင်းလာထောက်ခြင်းဖြစ်ကြောင်း သိရ သည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
