Reuters
မြောက်ကိုရီးယားသည် စောင့်ကြည့်မှုများ ပိုမိုလုပ်ဆောင်လာခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေမှုများ တိုးမြှင့်အသုံးပြုလာခြင်းနှင့် ကွပ်မျက်မှုများ ပိုမို မကြာခဏ ပြုလုပ်လာခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် ဖိနှီပ်ကန့်အသတ်အများဆုံးရှိသည့်နိုင်ငံ ဖြစ်လာပြီဟု စက်တင်ဘာလ ၁၂ ရက်က ထုတ်ပြန်လိုက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ရှိနေကြောင်း ဖော်ထုတ်ခဲ့သည့် ကုလသမဂ္ဂအစီရင်ခံစာနောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်အကြာ လေ့လာသုံးသပ်ခဲ့ပြီးနောက် ယခုသုံးသပ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်နောက်ပိုင်း ဖြစ်ရပ်များ ပါဝင်သည့် ယခုအစီရင်ခံစာအသစ်ကို နိုင်ငံမှ ထွက်ပြေးလာသူ မျက်မြင်သက်သေနှင့် ထိခိုက်ခံရသူ ၃၀၀ ကျော်နှင့် တွေ့ဆုံမေးမြန်းမှုများအပေါ် အခြေခံထားခဲ့ရာတွင် လွတ်လပ်ခွင့်များ ပိုမိုဆုံးရှုံးလာကြောင်း ဖော်ပြထားသည်။
မြောက်ကိုရီးယားအစိုးရက နည်းပညာအသစ်များ၏ အကူအညီဖြင့် စောင့်ကြည့်မှုများ ပိုမိုလုပ်ဆောင်လာပြီး ပြစ်ဒဏ်များမှာလည်း ပိုမိုတင်းကျပ်လာကာ နိုင်ငံခြား ရုပ်သံဇာတ်လမ်းများ မျှဝေခြင်းကဲ့သို့သော ပြစ်မှုများအတွက်ပင် သေဒဏ်ပေးသည့်အထိ ရောက်ရှိလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“၂၀၁၅ ခုနှစ်ကတည်းက စတင်ကျင့်သုံးခဲ့သည့် ဥပဒေများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများအရ နိုင်ငံသားများသည် ၎င်းတို့၏ဘဝ ကဏ္ဍအားလုံးတွင် စောင့်ကြည့်ထိန်းချုပ်မှုများ ပိုမိုခံလာရသည်” ဟု ကုလသမဂ္ဂ၏ ၁၄ မျက်နှာပါ အစီရင်ခံစာက နိဂုံးချုပ်ဖော်ပြထားသည်။
“ယနေ့ကမ္ဘာပေါ်တွင် အခြားမည်သည့်နိုင်ငံသားမှ ယခုကဲ့သို့ ကန့်သတ်ချုပ်ချယ်မှုမျိုး မခံရပါ” ဟုလည်း အစီရင်ခံစာက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ဂျီနီဗာသံတမန်မစ်ရှင်နှင့် လန်ဒန်သံရုံးတို့ကမူ အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။
ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးများကို တုံ့ပြန်ရာတွင် မြောက်ကိုရီးယားသည် ယခုအစီရင်ခံစာကို ထုတ်ပြန်ရန် ခွင့်ပြုခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ပယ်ချကြောင်း ပြောကြားခဲ့သည်။
သို့သော် အစီရင်ခံစာတွင် ဖမ်းဆီးထိန်းသိမ်းရေးစခန်းရှိ အစောင့်များ၏ အကြမ်းဖက်မှုအသုံးပြုမှု လျော့ကျလာခြင်းနှင့် မျှတသော တရားစီရင်မှုကို အာမခံနိုင်သည့် ဥပဒေအသစ်များ ထွက်ပေါ်လာခြင်းကဲ့သို့သော အကန့်အသတ်ရှိသည့် တိုးတက်မှုအချို့ကိုလည်း တွေ့ရှိရသည်ဟု ဆိုသည်။
