ဟားမတ်စ်မပါဝင်သည့် ပါလက်စတိုင်းနိုင်ငံ တည်ရှိရေးကို ကုလသမဂ္ဂ မဲခွဲအတည်ပြု

အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ပူးတွဲတည်ရှိရေးအတွက် စက်တင်ဘာ ၁၁ ရက်က ကုလသမဂ္ဂညီလာခံတွင် မဲခွဲဆုံးဖြတ်စဉ် ဓာတ်ပုံ- Lev Radin/Pacific Press/picture alliance

DW

အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံပူးတွဲတည်ရှိရေး (Two-state solution) ကို ကုလသမဂ္ဂ အထွေထွေညီလာခံက စက်တင်ဘာလ ၁၂ ရက်တွင် မဲခွဲဆုံးဖြတ်အတည်ပြုလိုက်သည်။

ကုလ၏ ထုတ်ပြန်ကြေညာချက်တွင် ပါလက်စတိုင်းနိုင်ငံ တည်ရှိရေး၌ ဟားမတ်စ်အဖွဲ့ပါဝင်မည်မဟုတ်ဘဲ ထိရောက်ပြီး အချိန်သတ်မှတ်ချက်ရှိကာ သဘောတူညီချက်ကို နောက်ပြန်မလှည့်သည့် အချက်များကို အတည်ပြုထားသည်။

ကုလ၏ စာမျက်နှာ ခုနစ်မျက်နှာပါ ကြေညာချက်သည် ဆယ်စုနှစ်များစွာကြာပြီဖြစ်သော ပဋိပက္ခနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လက ဆော်ဒီအာရေဗျနှင့် ပြင်သစ်နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် UN ညီလာခံမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုညီလာခံကို အမေရိကန်နှင့် အစ္စရေးတို့က သပိတ်မှောက်ခဲ့သည်။

ကုလသမဂ္ဂ၏ ယခု ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၄၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲနှင့် ကြားနေမဲ ၁၂ မဲတို့ဖြင့် အတည်ပြုခဲ့သည်။

အစ္စရေးကမူ ကုလ၏ ယခုဆုံးဖြတ်ချက်ကို ပယ်ချလိုက်သည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုရင် မာမာစတိန်းက X လူမှုမီဒီယာတွင် အထွေထွေညီလာခံသည် “လက်တွေ့နှင့် ကင်းကွာနေသော နိုင်ငံရေး ရုပ်ရှင်ပွဲ” ဖြစ်ကြောင်း ယခုကြေညာချက်က ပြသနေသည်ဟု ပြောကြားသည်။

“ဒီဆုံးဖြတ်ချက်က ထောက်ခံအတည်ပြုလိုက်တဲ့ ကြေညာချက်ထဲက အပိုဒ်ဒါဇင်ပေါင်းများစွာမှာ ဟားမတ်စ်ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ တစ်ကြိမ်တစ်ခါမှ ဖော်ပြထားခြင်း မရှိပါဘူး” ဟုလည်း ၎င်းက ပြောကြားသည်။

ဟားမတ်စ်အဖွဲ့ကို အစ္စရေး၊ အမေရိကန်၊ ဥရောပသမဂ္ဂ (EU)၊ ဂျာမနီနှင့် အခြားနိုင်ငံများက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။

“ဒီဆုံးဖြတ်ချက်က ငြိမ်းချမ်းရေးကို တိုးတက်စေမှာ မဟုတ်ဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် ဟားမတ်စ်ကို စစ်ပွဲ ဆက်လက်ဆင်နွှဲဖို့ အားပေးနေပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ကုလ၏ ထုတ်ပြန်ချက်တွင် ဟားမတ်စ်ကို ပါလက်စတိုင်း ဒေသ၌ ၎င်းတို့၏ အုပ်ချုပ်မှုကို အဆုံးသတ်ရန်နှင့် ယာယီနိုင်ငံတကာ တည်ငြိမ်ရေးအဖွဲ့၏ အကူအညီဖြင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ထံသို့ လက်နက်များ လွှဲပြောင်းပေးရန် တောင်းဆိုထားသည်။

ထို့အပြင် အစ္စရေး ဓားစာခံများကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသလို အစ္စရေးကလည်း သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေဒေသ ရှိ အခြေချနေထိုင်မှုများကို ရပ်ဆိုင်းရန်နှင့် ဂါဇာကမ်းမြှောင်ရှိ စစ်ရေးဆိုင်ရာ တိုက်ခိုက်မှုများကို အဆုံးသတ်ရန် တောင်းဆိုထားသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုသည် အနောက်ဘက်ကမ်းခြေဒေသရှိ အစ္စရေးအခြေချနေထိုင်မှုများကို တိုးချဲ့ရေး အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို အတည်ပြု လက်မှတ်ရေးထိုးပြီးနောက် “ပါလက်စတိုင်းနိုင်ငံဆိုတာ ဘယ်တော့မှ ပေါ်ပေါက်လာမှာ မဟုတ်ဘူး” ဟု ပြောဆိုခဲ့သည်။