တစ်ပတ်တာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ဒဏ်ရာရပြည်သူ ၈၀ကျော်ရှိ

ဓာတ်ပုံ-Wai Hun Aung ပုံစာ-စက်တင်ဘာ၁၂ရက်က ကျောက်တော်မြို့နယ်၊သရက်တပင်ရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ပြီး နောက်မြင်ကွင်း။

By Ko Myo / MPA

အရပ်သားများကို ပစ်မှတ်ထားကာ စစ်တပ်၏ တစ်ပတ်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ဒဏ်ရာရပြည်သူ ၈၀ကျော်ရှိကြောင်း သိရသည်။

စက်တင်ဘာ၅ရက်မှ ၁၁ရက်အတွင်း ပြည်သူကိုပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု အနည်း ဆုံး၂၆ခု ပြုလုပ်ခဲ့ရာ ပြည်သူ အနည်းဆုံး ၂၂ဦးသေဆုံးပြီး ၆၃ဦး ဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က စက်တင်ဘာ၁၂ရက်ည၌ သတင်းထုတ်ပြန်သည်။

“လေကြောင်းတိုက်ခိုက်လို့ ပြည်သူသေဆုံးမှုတွေက အပတ်စဉ် အနည်းဆုံး၁၀ဦးကျော် ရှိနေတာ တွေ့ရတယ်။စစ်ကော်မရှင်က ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုက လျော့ကျမ သွားဘူး။ပြည်သူတွေ သေဆုံးမှုကလည်း လျော့သွားတာမျိုး မတွေ့ရဘူးဆိုတော့ ကိုယ့်ဘက်က လေ ကြောင်းရန်ကာကွယ်ရေးကို အားထည့်လုပ်ဖို့ လိုနေတာ တွေ့ရမယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိ တစ်ဦးက MPAသို့ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများကို မန္တလေး၊စစ်ကိုင်း၊မကွေး၊ကချင်၊ချင်း၊ရှမ်းမြောက် စသည့် ဒေသ၈ခု တို့တွင် ကျူးလွန်ခဲ့ပြီး မန္တလေး၊စစ်ကိုင်းနှင့်ရှမ်းမြောက်တို့၌ အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်အုပ်စုသည် တစ်ပတ်အတွင်း တော်လှန်ရေးအင်အားစုများကို ပစ်မှတ်ထားတိုက်ခိုက်မှုနှင့် ထိတွေ့တိုက်ပွဲများအတွင်း လေကြောင်းအသုံးပြုတိုက်ခိုက်သည့် ဖြစ်စဉ် ၁၀ခုရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်၂၉ရက်မှ စက်တင်ဘာ၄ရက်အတွင်း အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှု အနည်းဆုံး ၃၀ရှိခဲ့ပြီး ပြည်သူ ၁၂ဦးသေဆုံးကာ ၃၄ဦး ဒဏ်ရာရခဲ့သည်။

ဩဂုတ်၂၂ရက်မှ ၂၈ရက်အတွင်း စစ်တပ်၏ လေကြောင်းတိုက် ခိုက်မှုကြောင်း ပြည်သူ၃၇ဦး သေဆုံးကာ ၇၅ဦး ဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်း သစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း-ML