တော်လှန်ရေး ငွေဝင်ပေါက်များကို စစ်ကော်မရှင် ပိုမိုဗုံးကြဲရန် ပြင်ဆင်၊ တရုတ်လုပ်ကွက်များ၌ တရုတ်အလံများ လွှင့်၍ ရှောင်ကွင်းခိုင်းထား

ဓာတ်ပုံ-လူမှုကွန်ရက်

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် စစ်ကော်မရှင်သည် တော်လှန်ရေးအင်အားစုများ၏ စီးပွားရေးထောက်တိုင်များကို ဖြတ်တောက်ရန် ရည်ရွယ်၍ သယံဇာတတူးဖော်ရေး နယ်မြေများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် စီမံချက်များ ပြင်ဆင်လျက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

အထူးသဖြင့် ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များသည် တော်လှန်ရေးအတွက် အဓိကဘဏ္ဍာငွေ စီးဆင်းရာနေရာများ ဖြစ်သဖြင့် စစ်ကော်မရှင်၏ အဓိကပစ်မှတ်များ ဖြစ်လာနေကြောင်း မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထိုသို့သော စစ်ရေးပြင်ဆင်မှုများကြောင့် ကချင်ပြည်နယ်အတွင်းရှိ သယံဇာတလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော တရုတ်နိုင်ငံသားများကို ၎င်းတို့နိုင်ငံသို့ အမြန်ဆုံးပြန်ကြရန် တရုတ်အစိုးရက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

“အခြေအနေက တော်တော်လေးကို တင်းမာနေပြီဗျ။ ခုဆို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လိုင်ဇာနဲ့ မိုင်ဂျာယန်ဘက်မှာဆိုရင် တရုတ်ပြည်ပြန်မယ့် တရုတ်နိုင်ငံသားတွေနဲ့ ပြည့်နှက်နေတာပဲ။ တည်းခိုခန်းတွေမှာဆိုရင်လည်း အခန်းမရနိုင်တော့တဲ့အထိ လူတွေက တိုးဝှေ့နေကြတာ။ ဒါကိုကြည့်ရင် စစ်ကော်မရှင်က လေကြောင်းကနေ တစ်ခုခုလုပ်တော့မယ်ဆိုတာ တော်တော်လေး သိသာနေတဲ့ အချက်ပြမှုပဲလို့ ကျွန်တော်တို့ မြင်တယ်။ နောက်ပြီး ထူးထူးခြားခြား မြင်နေရတာက မြန်မာပြည်ထဲက တရုတ်ပိုင်တဲ့ သယံဇာတလုပ်ကွက်တွေမှာ တရုတ်အလံတွေကို ထင်ထင်ရှားရှား လွှင့်ထူထားကြတာပဲဗျ။” ဟု ကချင်ပြည်နယ်ရှိ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ထိုသို့ အလံလွှင့်ထူထားခြင်းမှာ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာပါက နိုင်ငံခြားသားပိုင်ဆိုင်မှုဖြစ်ကြောင်း သိသာစေရန်နှင့် တိုက်ခိုက်မှုမှ ရှောင်ကွင်းနိုင်ရန် ပြသထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကော်မရှင်အနေဖြင့် နိုင်ငံတကာဆက်ဆံရေးအရ တရုတ်ပိုင်ဆိုင်မှုများကို ချန်လှပ်ထားနိုင်သော်လည်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ကျန်လုပ်ကွက်များကိုမူ ပြင်းထန်စွာ တိုက်ခိုက်လာနိုင်ခြေရှိကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

“စစ်ကော်မရှင်ရဲ့ ဒီဗျူဟာက တော်လှန်ရေးအဖွဲ့တွေရဲ့ ငွေဝင်ပေါက်ကို ပိတ်ချင်ရုံတင် မကဘူးဗျ။ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေနဲ့ ပြည်သူတွေကိုပါ ကြောက်လန့်တုန်လှုပ်သွားအောင် တမင်ရည်ရွယ်ပြီး လုပ်နေတာ။ လူတွေ စိတ်ဓာတ်ကျသွားအောင်၊ အလုပ်မလုပ်ရဲအောင် ခြောက်လှန့်နေတဲ့ သဘောပဲ။” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် သယံဇာတတူးဖော်ရေး လုပ်ငန်းခွင်များတွင် ရှိနေကြသော မိဘပြည်သူများအနေဖြင့် စစ်ကော်မရှင်၏ လေကြောင်းရန်ကို အထူးဂရုပြုရန်နှင့် လိုအပ်သော ဗုံးခိုကျင်းများနှင့် ကြိုတင်ကာကွယ်မှုများကို အလေးအနက်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ရန်သူက စစ်မြေပြင်မှာ အထိနာလေလေ၊ ပိုပြီးတော့ ရမ်းကားတဲ့ လုပ်ရပ်တွေကို လုပ်လေ့ရှိတာမို့ ဒေသခံတွေအနေနဲ့ သတင်းတွေကို မျက်ခြေမပြတ် နားစွင့်ထားကြဖို့ လိုတယ်ဗျ။ ကိုယ့်မိသားစုနဲ့ ကိုယ်တိုင် ဘေးကင်းရာကို အချိန်မီ ရွှေ့ပြောင်းနိုင်ဖို့အတွက် အခုကတည်းက အသိ၊ သတိနဲ့ ကြိုတင်ပြင်ဆင်ထားကြပါလို့ ကျွန်တော်တို့ဘက်က အလေးအနက် တိုက်တွန်းချင်ပါတယ်” မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကော်မရှင်၏ အဆိုပါ အစီအစဉ်များသည် ပြည်သူလူထုအပေါ် တိုက်ရိုက်သက်ရောက်နိုင်သည့် အန္တရာယ်ရှိနေသဖြင့် တော်လှန်ရေးအင်အားစုများနှင့် လုပ်ငန်းရှင်များအနေဖြင့် ကာကွယ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။