တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ကို စစ်တပ်က လေကြောင်းမှ ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများနှင့် စစ်ရှောင်ကူညီသူများထံမှ သိရသည်။
ဖေဖော်ဝါရီလအစပိုင်းတွင် စစ်ကော်မရှင်တပ်က သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပိုင်းတစ်လျှောက်ကို စစ်ကြောင်းထိုးလာပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာခဲ့ခြင်းဖြစ်သည်။
ထို့နောက် ယင်းလမ်းပိုင်းတွင် တည်ရှိသည့် စစ်ကော်မရှင်တပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့သည်။
တိုက်ပွဲဖြစ်နေစဉ်ကာလအတွင်း စစ်တပ်က လေကြောင်းမှ ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်ဟု ထားဝယ်မြို့ပေါ်သို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်တစ်ဦးက MPA သို့ ပြောသည်။
“တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ၊ ဝင်းဝစခန်းကို တိုက်နေတာ ကြားတယ်၊ တိုက်ပွဲဖြစ်တော့ အဲဒီနားက ရွာတွေကို လေယာဉ်နဲ့ ဗုံးချတယ်၊ စက်လက်နဲ့ ပစ်တယ်၊ ရွာတွေထဲကို ကျနေတာ အကုန်လုံးက ထွက်ပြေးကုန်တာ” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၇ ရက်နေ့အထိ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာဆယ်ရွာထက်မနည်းကို နေ့စဉ်ဆိုသလို စစ်တပ်က လေကြောင်းမှ ဗုံးချတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၉ နာရီခန့်ကလည်း တိုက်ပွဲပြင်းထန်နေသည့် ဝင်းဝစခန်းအနီး ပတ်ဝန်းကျင်ရှိ ပြင်းဖြူသားရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လက်ရှိ တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၂၀ ထက်မနည်းမှ ဒေသခံတစ်သောင်းကျော်သည် တောတောင်ထဲတွင် အများဆုံး တိမ်းရှောင်နေရသည်။
ထို့အပြင် တိုက်ပွဲပြင်းထန်နေသည့် ကာလအတွင်း မြိတ်-ထားဝယ်လမ်းပိုင်းကို အသုံးမပြုကြရန် KNLA က အသိပေးထားသည်မှာ သုံးပတ်ခန့် ရှိလာပြီဖြစ်သည်။
“ရိက္ခာတွေ မရှိတော့ဘူး၊ တချို့ရွာတွေထဲ ဈေးပြန်ဝယ်တာတောင် ဘာမှ မရှိတော့ဘူးပြောတယ်၊ အခုဟာက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှောင်နေကြတော့ ပြန့်ကြဲနေတယ်၊ ဆက်သွယ်ရေးလည်း ပြတ်တောက်နေကြတယ်၊ ရှိတဲ့ အသီးအရွက်တွေပဲ ချက်စားနေကြရတယ်” ဟု တနင်္သာရီတိုင်းမှ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။
လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်သဖြင့် စစ်ရှောင်အချို့ ထားဝယ်မြို့ဘက်သို့ တိမ်းရှောင်သွားကြသူများ ရှိနေသော်လည်း ကျန်ရှိနေသူများအတွက် ရေရှည်တွင် ရိက္ခာလိုအပ်လျက်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် အချို့ကျေးရွာများတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အတွက် စစ်ဘေးရှောင်များကို ကူညီရန် အခက်အခဲရှိနေကြောင်း ဆိုသည်။
“တော်တော်လေးကို ဖိနေတာ စစ်ကြောင်းလည်း ထိုးတယ်၊ လေယာဉ်လည်း ပစ်နေတယ်၊ အဓိက မြေပြင်မှာ တိုက်ပွဲပြင်းထန်နေတယ်၊ တော်လှန်ရေးအဖွဲ့တွေက စခန်းသိမ်းဖို့ ကြိုးစားနေတယ်၊ တိုင်းတစ်ခုလုံးကို စစ်မျက်နှာဖွင့်ထားရတဲ့ အခြေအနေပါပဲ” ဟု အမည်မဖော်လိုသည့် ထားဝယ်ခရိုင် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ကြည်း၊ ရေ၊ လေ အလုံးစုံအသုံးပြု တိုက်ခိုက်နေသည့်အတွက် တော်လှန်ရေးတပ်ဘက်က အထိအခိုက်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
လေကြောင်းနှင့် အဆက်မပြတ် တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲတည်နေရာ၊ စစ်ရေးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်ကို ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် စစ်တပ်လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသလို နေအိမ်နှင့် ဘာသာရေးအဆောက်အဦများ မီးလောင်ပျက်စီးမှုများ ရှိနေကြောင်း စစ်ရှောင်ကူညီသူအချို့က ပြောသည်။
