မွန်ပြည်နယ်လွှတ်တော်ဥက္ကဌရာထူးကို လက်ရှိလူမှုရေးဝန်ကြီး၊ ရဲမှူးကြီးဟောင်းတင့်ဇော်ထွန်း ရရှိ မည်ဟု သတင်းကြီးနေကြောင်း သိရသည်။
တင့်ဇော်ထွန်းသည် ၂၀၂၀ပြည့်နှစ်တွင် ဧရာဝတီတိုင်းရဲမှူးကြီးနှင့် ဧရာဝတီတိုင်း လမ်းပန်းဆက် သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅၊မတ်မှ ဩဂုတ်အထိ မွန်ပြည်နယ်ရဲမှူးကြီး ၊ ၂၀၂၅၊ဩဂုတ်မှ ယခုအချိန်ထိ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီးဖြစ်နေကာ ၂၀၂၅တရားမဝင်ရွေး ကောက်ပွဲ၌ မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော်(FPTP)မဲဆန္ဒနယ်မှ ကြံ့ဖွံ့အမတ်လောင်းအ ဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသည်။
“ခင်ရီ(ကြံ့ဖွံ့ဥက္ကဌ)ရဲ့ တပည့်၊အရင်ကလည်း ဧရာဝတီတိုင်းမှာ ဝန်ကြီးတာဝန်ယူခဲ့ဖူးတယ်။ မော်လ မြိုင်ဇာတိသားလည်း ဖြစ်တယ်။ဆက်ဆံရေးပြေပြစ်တယ်။သူက အခုနာမည်ထွက်နေတယ်။တချို့က ဝန်ကြီးချုပ်လို့တောင် မှန်းနေကြတယ်”ဟု ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ် ဦးက MPAသို့ပြောသည်။
စစ်တပ်က တင်သွင်းလိုက်သော အစိတ်သားအမတ် ဗိုလ်မှူးချုပ်အောင်ဝင်းသန်းက မွန်ပြည်နယ်ဝန် ကြီးချုပ်ဖြစ်မည်ဟု နာမည်ကြီးနေပြီး လက်ရှိမွန်ဝန်ကြီးချုပ် အောင်ကြည်သိန်းမှာမူ ဝန်ကြီး သို့မ ဟုတ် လွှတ်တော်ဒုဥက္ကဌ ရာထူးရမည်ဟုပင် မထင်ထားကြကြောင်း ၎င်းက ဆိုသည်။
“အခု ဦးတင့်ဇော်ထွန်းက လွှတ်တော်ဥက္ကဌလို့ နာမည်ကြီးနေတော့ မော်လမြိုင်ရဲတွေ ဂျိုကြွလာ တယ်။ဦးတင့်ဇော်ထွန်းရဲ့ မိန်းမ ဒေါ်မိုးမိုးခိုင်ဆီ ချဉ်းကပ်လာတာတွေ ရှိလာတယ်။ပြီးတော့ ဦးတင့် ဇော်ထွန်းရဲ့ ယောက်ဖ စိုးသူကလည်း လူလည်ပဲ။လုပ်စားချင်တဲ့ကောင်တွေကို လမ်းကြောင်းခင်းနေ ပြီလို့ အသံစထွက်နေပြီ”ဟု ၎င်းက ဆက်လက်ပြောသည်။
တင့်ဇော်ထွန်းသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဧရာဝတီတိုင်းရဲမှူးကြီးအဖြစ် တာဝန်ထမ်း ဆောင်စဉ် ပုသိမ်မြို့နယ်၌ လောင်းကစားနှင့် တရားမဝင်လုပ်ငန်းများအား လိုင်းကြေးယူကာ အ ကာအကွယ်ပေးခဲ့သည်ဟု နာမည်ကြီးခဲ့သည်။
“မော်လမြိုင်ကို ရဲမှူးကြီးဘဝနဲ့ ပြောင်းလာတာ ခဏပဲကြာတော့ နာမည်ပျက်မရှိဘူး။ပြီးတော့ လူမှု ရေးဝန်ကြီးဖြစ်တော့လည်း ခပ်ငြိမ်ငြိမ်ပဲ။သူ့မိန်းမနဲ့ယောက်ဖကတော့ သူ့ကိုဗန်းပြပြီး လုပ်စားတတ် လို့ စောင့်ကြည့်ရမှာပေါ့။အခုငြိမ်နေသေးပေမဲ့ ရဲဆိုတာက အချဉ်မှမဟုတ်တာ”ဟု ၎င်းက ပြော သည်။
မွန်ပြည်နယ် တရားမဝင်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့က ၂၁ နေရာဖြင့် ပထမနှင့် မွန်ညီညွတ်ရေးပါတီက ၁၇ နေရာဖြင့် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည်။
မွန်ပြည်နယ်ကြံ့ဖွံ့ပါတီဥက္ကဌလည်းဖြစ်သူ အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ် ပြည် နယ်လွှတ်တော်(မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွင့်လင်းမြင်သာ မှုမရှိသည့် သံသယဖြစ်ဖွယ် ကြိုတင်မဲဖြင့် အနိုင်ရခဲ့သည်။အောင်ကြည်သိန်း၏ အနိုင်ရလဒ်ကို ဒေသ ခံများက သံသယရှိကြသော်လည်း မွန်ညီညွတ်ရေးပါတီက အောင်ကြည်သိန်းအား ကြောက်သဖြင့် မကန့်ကွက်ရဲခဲ့ပေ။
