နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ်တွင် စစ်သားများလိုက်ပါလာသည့် ဖောကားတစ်စီးကို PDFတို့တိုက်ခိုက်ခဲ့ရာ ၁၀ဦး ထိခိုက်သေဆုံးနိုင်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် ၉ နာရီ ၃၆ မိနစ်ခန့်တွင် နေပြည်တော်-မကွေးနယ်ခြားမှ ဖြတ်သန်း လာသော စစ်သား၁၂ ဦးပါ ဖောကားတစ်စီးကို မကွေး-ကန်ပြားလမ်း ၁၇ မိုင် ၇ ဖာလုံ ၊ နေပြည် တော်နှင့် ၂၅ မိုင်အကွာ ဥတ္တရသီရိမြို့နယ်အတွင်း၌ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ယာဥ်မောင်းနှင့် စစ် သားတစ်ဦး ကားပေါ်မှ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မ တော် ၊ စစ်ဦးစီးတပ်က ယနေ့(မတ်လ တစ်ရက်) သတင်းထုတ်ပြန်သည်။
“ဒီလမ်းပိုင်းက စစ်ကောင်စီ အသွားအလာများတဲ့ ကပစ ၁၇ နဲ့ နေပြည်တော်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းဖြစ်တယ်ဗျ။ အဲဒီနားမှာ ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့တာပါဗျ။ ရှေ့ထွက်ပြောင်းများနဲ့ ပစ်ခတ် ပြီး လက်နက်ငယ်များဖြင့်ပစ်ခက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဗျ။ စစ်ကောင်စီဆက်စပ် သတင်းရင်း မြစ်အရ ကားပေါ်မှာ ၁၂ ဦးလိုက်ပါလာတယ်လို့သိရပါတယ်။ ရှေ့ထွက်ပြောင်းနဲ့ပစ်ခတ်စဉ် ကျည် ကာဦးထုပ်များ လွင့်သွားတာတွေတော့မြင်ရတယ်ဗျ”ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ စစ်ဦးစီးတပ်မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းဖောကားကို တိုက်ခိုက်နေစဉ် စစ်ကူကားများ ရောက်လာသဖြင့် လက်နက်များ မသိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။
” ပစ်ခတ်စဉ်အတွင်းမှာပဲ နေပြည်တော်ဘက်က စစ်ကား များအလာနဲ့တိုးပြီး ပြန်ပစ်တာကြောင့် လက်နက်ခဲယမ်းသိမ်းဆည်းချိန်မရလိုက်တာပါဗျ။ ပြန်ပစ်တဲ့ ကားတွေက ၅မိနစ်လောက်အကြာ မှာပဲ ရောက်လာတာဗျ။ စစ်ကူသပ်သပ်ကတော့ မိနစ် ၂၀ လောက်အကြာမှ ရောက်လာတယ်ဗျ။ ရောက်လာတာတော့ ကားတစ်စီးနဲ့ ဆိုင်ကယ် ၅စီးလောက်ရှိမယ်ဗျ။ လွတ်သွားတဲ့ ၂ယောက်က တော့ အဲဒီစစ်ကူကားတွေဘက်ကို ပြေးဝင်သွားတယ်ဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
ထိခိုက်သေဆုံးစစ်သားများကို စစ်ကူလာသည့် ကားတစ်စီးက နေပြည်တော်ဘက်သို့ သယ်ဆောင် သွားကြောင်း သိရသည်။
“ခု အဲဒီ လမ်းပိုင်း မကွေး -ကန်ပြားလမ်းမှာ အင်အား ရာဂဏန်းထိ တိုးမြှင့်ထားတယ်ဗျ။ အင်အား ကတော့များတယ်ဗျ။ လမ်းပိုင်းတစ်လျှောက် အနီးနားပတ်လည်ကို အင်အားဖြည့်ထားတယ်ဗျ။ အထိနာပြီး စစ်ကြောင်းထိုးလာနိုင်ခြေရှိတယ်ဗျ။အင်အားကတော့ အောက်ဘက်က တက်တာရော နေပြည်တော်ဘက်က ဆင်းတာမျိုးတွေရော ရှိတယ်ဗျ”ဟု ၎င်းက ပြောသည်။
ယနေ့(မတ်လ တစ်ရက်) နံနက်ပိုင်းထိ မကွေး-ကန်ပြားလမ်းတွင် အင်အားတိုးထားဆဲဖြစ်ကြောင်း လည်း သိရသည်။
