လွိုင်ကော်အခြေစိုက် စစ်ကော်မရှင်မှ ဒီးမော့ဆိုအရှေ့ခြမ်းသို့ ကုန်ကားများ ပေးမဖြတ်ဘဲ ငွေညှစ်ဖမ်းဆီးနေ

ဓာတ်ပုံ-MPA
ပုံစာ - လွိုင်ကော်မှ ဒီးမော့ဆိုအနောက်ခြမ်းသို့ သွားလာသည့် ကုန်တင်ယာဉ်တစ်စီးအားတွေ့ရစဉ်

လွိုင်ကော်မြို့အခြေစိုက် စစ်ကော်မရှင်တပ်မှ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းသို့ ကုန်ကားများ ပေးမဖြတ်ဘဲ ငွေညှစ်ဖမ်းဆီးနေကြောင်း လွိုင်ကော်မြို့ရှိ ကုန်ကားမောင်းနှင်သူများက ပြောသည်။

ဖေဖော်ဝါရီ ၂၇ရက်မှ စတင်ကာ ဒီးမော့ဆိုအရှေ့ခြမ်းသို့ ကူးသန်းသွားလာသည့် ဆိုလစယ်ရွာဂိတ်တွင် ကုန်ကားများအား ဖြတ်သန်းသွားလာခွင့် မပြုတော့ဘဲ လှည့်ပြန်ခိုင်းခဲ့ကြောင်း လွိုင်ကော်မြို့ရှိ ကုန်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။

“ဂိတ်ပိတ်တာတော့ မနေ့က စပိတ်တာ၊ ဒီနေ့လည်း အဝင်မခံဘူး။ ဖြတ်ချင်ရင်ဖြတ် ဒါပေမဲ့ ကုန်စည်တော့ အတင်မခံဘူးပြောတယ်။ ဒီးမော့ဆိုအရှေ့ခြမ်းကလာတဲ့ကားတွေရော၊ ဒီဘက် (လွိုင်ကော်) ဘက်က သွားတဲ့သူရောပေါ့။ လွိုင်ကော်ကနေ ဒီးမော့ဆိုသွားချင်ရင် ကားနဲ့ပေးမဖြတ်ဘူး၊ ဆိုင်ကယ်နဲ့တော့ ရတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း လွိုင်ကော်မြို့မှ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းသို့ ဖြတ်သန်းသွားလာသည့် အမျိုးသား ၂ ဦးကို စစ်ကော်မရှင်တပ်စွဲထားသည့် ဆိုလစယ်ဂိတ်စောင့်တပ်သားများက ဖမ်းဆီးခဲ့ကြောင်း တပ်တွင်းရင်းမြစ်တစ်ဦးက ပြောသည်။

“၂၆ ရက်နေ့ ညနေပိုင်းက ဖမ်းတာ၊ ဆိုင်ကယ်နဲ့လာတဲ့ ကျား ၂ ဦးပါ။ ဖမ်းခံရတဲ့သူက လွိုင်ကော်မှာပဲနေတာ၊ မှတ်ပုံတင်မပါလာလို့လား ငွေညှစ်ချင်လို့လားမသိဘူး၊ ပြန်လွတ်မလွတ်တော့ မသိသေးဘူး၊ အနောက်ထဲခေါ်သွားတာပဲ။ ဂိတ်တွေက တာဝန်ကျတဲ့သူမတူဘူး၊ တစ်ရက်တစ်ခါချိန်းနေတော့ သဘောကောင်းတဲ့သူနဲ့တွေ့ရင် ဘာမှမဖြစ်ဘူး၊ ရေခပ်တဲ့သူနဲ့တွေ့ရင် လူကြည့်ပြီး ဖမ်းခံရတယ်။ ငွေပေးရင်တော့ လွတ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း လောပိတမှ လွိုင်ကော်မြို့ရှိ ကမ္ဘောဇဘဏ်သို့ ငွေသား သိန်းရှစ်ဆယ်ကျပ် လာရောက်ထုတ်ယူသည့် ပြောင်းဖူးကုန်သည်တစ်ဦးကို ဇရပ်ဖြူလမ်းမကြီးပေါ်ရှိ စစ်ကော်မရှင်အခြေစိုက် လေးမိုင်ဂိတ်မှ စစ်သားများက ဖမ်းဆီးခဲ့ပြီး ငွေများကို သိမ်းဆည်းခဲ့ကြောင်း လောပိတကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

“လောပိတဘက်က ပြောင်းတောင်သူတစ်ယောက် ငွေထုတ်ပြီးပြန်တာ သိန်းရှစ်ဆယ် ယူထားလိုက်တယ်၊ ပြန်မပေးဘူး။ သူက လောပိတမှာနေတဲ့ ပြည်သူစစ်စစ်ပဲ ဘဏ်ကနေငွေထုတ်ပြီးပြန်တာကို သိမ်းတာ။ သူ့ကို ငွေအများကြီး ဘာလုပ်ဖို့ သယ်လာလဲဆိုပြီး ရစ်တာ၊ သေနတ်တွေနဲ့ဆိုတော့ မပြောရဲတာလည်းပါတယ်၊ အထက်က သိမသိတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

ငွေကျပ် သိန်း ၈၀ အား သိမ်းဆည်းခဲ့သည့် လေးမိုင်ဂိတ်တာဝန်ကျ စစ်ကော်မရှင်တပ်သားနှင့် ပတ်သက်ပြီး မည်သည့်ရာထူးနှင့် မည်သည့်တပ်ရင်းမှဖြစ်ကြောင်း MPA က သီးခြားအတည်မပြုနိုင်သေးပေ။

လွိုင်ကော်မြို့နယ်မှ ဒီးမော့ဆိုမြို့နယ်သို့ ဖြတ်သန်းသွားလာသည့် ကုန်ကားများအား စစ်ကော်မရှင်အခြေစိုက် ဆိုလစယ်ဂိတ်နှင့် လေးမိုင်ဂိတ်များမှ ကုန်ပစ္စည်းပေါ်မူတည်ပြီး တစ်စီးလျှင် ကျပ် သုံးသိန်းမှ ငါးသိန်းကြား ကောက်ခံလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်မှ ဒီးမော့ဆိုအရှေ့ခြမ်းနှင့် ဒီးမော့ဆိုအနောက်ခြမ်းအား ခါးလည်မှ ဖြတ်တောက်ကာ စစ်ကြောင်းထိုးနေသဖြင့် သွားလာရေးပြတ်တောက်နေချိန်တွင် လွိုင်ကော်မြို့မှ ကုန်စည်စီးဆင်းမှုများကိုပါ ဖြတ်တောက်လိုက်သဖြင့် ဒီးမော့ဆိုအရှေ့ခြမ်းတွင် ကုန်စည်အချို့ ပြတ်တောက်လျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။