အီရန် တန်ပြန်တိုက်ခိုက်မှုကြောင့် အမေရိကန် စစ်သား သုံးဦး သေဆုံးပြီး ငါးဦး ပြင်းထန်စွာ ဒဏ်ရာရ

အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲစစ်ဆင်ရေးကို အီရန်ဘက်မှ တန်ပြန်တိုက်ခိုက်ခဲ့သဖြင့် “Operation Epic Fury” စစ်ဆင်ရေးတွင် ပါဝင်နေသည့် အမေရိကန်စစ်သည် ၃ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ထို့ပြင် အခြားစစ်သည် အများအပြားမှာလည်း ဗုံးဆန်ထိမှန်၍ ဒဏ်ရာအနည်းငယ်ရရှိခြင်းနှင့် ဦးနှောက်တုန်ခါခြင်း (Concussions) ဝေဒနာများ ခံစားခဲ့ရကာ၊ ဒဏ်ရာအနည်းငယ်ရရှိသူအချို့မှာ လက်ရှိတွင် တာဝန်ပြန်လည်ထမ်းဆောင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို အမေရိကန်နှင့် အစ္စရေးတို့က ပူးတွဲတိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်မှ ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

CENTCOM အနေဖြင့် အဓိက တိုက်ခိုက်ရေးစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး တုံ့ပြန်ဆောင်ရွက်မှုများကိုလည်း အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်သွားမည်ဟု အတည်ပြုထားသည်။

လက်ရှိအခြေအနေမှာ များစွာပြောင်းလဲမှုရှိနေဆဲဖြစ်သဖြင့် သေဆုံးသွားသော စစ်သည်များ၏ အမည်စာရင်းနှင့် အသေးစိတ်အချက်အလက်များကို ၎င်းတို့၏ မိသားစုများထံ အကြောင်းကြားပြီး ၂၄ နာရီပြည့်မြောက်မှသာ လူသိရှင်ကြား ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း CENTCOM က ဆိုထားသည်။