အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာပြီး ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ဆို့လိုက်ခြင်းကြောင့် ထိုင်းအစိုးရသည် နိုင်ငံ၏စွမ်းအင်လုံခြုံရေးကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်လိုက်ပြီး ပြည်ပသို့ ရေနံနှင့် ရေနံထွက်ပစ္စည်း တင်ပို့ရောင်းချမှုအားလုံးကို ယနေ့ မတ်လ ၁ ရက်နေ့မှစ၍ ချက်ချင်းပိတ်ပင်လိုက်ကြောင်း စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က အရေးပေါ်အမိန့်ထုတ်ပြန် ကြေညာခဲ့သည်။
ယခုလုပ်ဆောင်ချက်သည် ပြည်တွင်း၌ ရေနံလက်ကျန်များ စုဆောင်းထားရန်နှင့် ကမ္ဘာ့ရေနံစျေးနှုန်းများ အဆမတန် မြင့်တက်လာမည့် ဘေးရန်မှ ပြည်သူများကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ စားဝတ်နေရေးစရိတ်များ မြင့်တက်မလာစေရန် အမျိုးသားလောင်စာဆီရန်ပုံငွေကို အသုံးပြု၍ စက်သုံးဆီစျေးနှုန်းများကို ထောက်ပံ့ပေးသွားမည်ဟု အတည်ပြုခဲ့သည်။
ထိုင်းနိုင်ငံ၏ လောင်စာဆီလုံခြုံရေး အခြေအနေမှာ လက်ရှိတွင် ရေနံစိမ်းနှင့် ချောဆီစုစုပေါင်း ၇,၆၆၀ သန်း လီတာ ရှိနေပြီး ၎င်းမှာ ပြည်တွင်းလိုအပ်ချက်အတွက် ရက်ပေါင်း ၆၀ အထိ လုံလောက်မှုရှိကြောင်း၊ ယင်းအနက် ၄,၈၇၇ သန်း လီတာမှာ ပြည်တွင်းသိုလှောင်ရုံများ၌ ရှိနေပြီး ကျန်ရှိသည့် ၂,၇၈၃ သန်း လီတာမှာ သင်္ဘောများပေါ်တွင် ရှိနေကာ ဟော်မုဇ်ရေလက်ကြားကို အောင်မြင်စွာ ဖြတ်ကျော်လာနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ပြည်ပမှတင်သွင်းရသည့် သဘာဝဓာတ်ငွေ့အပေါ် မှီခိုမှုကို လျှော့ချရန် ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်စက်ရုံများကို အစွမ်းကုန် လည်ပတ်ရန် အမိန့်ပေးထားသည့်အပြင် ထိုင်းပင်လယ်ကွေ့အတွင်းရှိ ဓာတ်ငွေ့ထုတ်လုပ်မှုကို တိုးမြှင့်ရန်နှင့် ဓာတ်ငွေ့တွင်းများ၏ ပုံမှန်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအားလုံးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရန် ညွှန်ကြားခဲ့သည်။
ဝန်ကြီးက လက်ရှိအချိန်အထိ အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုများကြောင့် ပြည်တွင်းရေနံလက်ကျန်နှင့် စျေးနှုန်းများအပေါ် ရိုက်ခတ်မှု မရှိသေးသော်လည်း ကြိုတင်ကာကွယ်မှုများမှာ မရှိမဖြစ် လိုအပ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ထိတ်လန့်စရာမလိုဘဲ စွမ်းအင်ကို ဝိုင်းဝန်းချွေတာပေးကြရန် မေတ္တာရပ်ခံ ပြောကြားခဲ့သည်။
