နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူ ၇၀၀၀ ကျော်ကို စစ်ကော်မရှင် ပြန်လွှတ်ပေး

ဓာတ်ပုံ-MPA
ပုံစာ-အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားအချို့ (ပုံအဟောင်းအား အသုံးပြုထားသည်)

ယနေ့( မတ်လ ၂ ရက်)တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် စစ်ကော်မရှင်သည် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား စုစုပေါင်း ၇,၃၃၇ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အမိန့်အမှတ် (၈/၂၀၂၆) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုလွတ်ငြိမ်းခွင့်တွင် ပါဝင်သူများသည် အဓိကအားဖြင့် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အရပ်သားများဖြစ်ကြသည်။

လွတ်ငြိမ်းခွင့်ရရှိသူများတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူများ ပါဝင်ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ပုဒ်မ ၅၀(ည) သည် အကြမ်းဖက်အုပ်စုဟု သတ်မှတ်ခံထားရသည့် အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့မှုနှင့် သက်ဆိုင်ပြီး ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သော ပုဒ်မဖြစ်ပြီး ပုဒ်မ ၅၂(က) မှာမူ အဆိုပါအဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းတို့အတွက် အသုံးပြုသည့် ပုဒ်မဖြစ်သည်။

“အခုလို လွှတ်ပေးတဲ့ ပုဒ်မတွေကို ကြည့်ရင် နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေကိုပဲ ပစ်မှတ်ထားပြီး လွှတ်ပေးပြတာ တွေ့ရပါတယ်။ ဒါဟာ တကယ်တော့ စစ်ကော်မရှင်အနေနဲ့ သူတို့အပေါ် ကျရောက်နေတဲ့ နိုင်ငံတကာ ဖိအားတွေကို လျှော့ချဖို့နဲ့ ပုံရိပ်ကောင်းတစ်ခု ဖန်တီးဖို့အတွက် ဟန်ပြလုပ်ဆောင်တဲ့ ကြိုးပမ်းမှုတစ်ခုသာ ဖြစ်ပါတယ်” ဟု တရားလွှတ်တော် ရှေ့နေ တစ်ဦးက သုံးသပ်သည်။

ထို့အပြင် ယခုလွတ်ငြိမ်းခွင့်သည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းဖြစ်သည်ဟု ဖော်ပြထားသည့်အတွက် ယင်းမှာ လွတ်မြောက်လာသူများအနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုလျှော့ပေါ့ပေးခဲ့သည့် ပြစ်ဒဏ်များကိုပါ ပေါင်းစပ်၍ ပြန်လည်ကျခံရမည်ဟူသော ကန့်သတ်ချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်။

“မြေပြင်မှာတော့ တောင်သူလယ်သမားတွေကို လေယာဉ်နဲ့ ဗုံးကျဲသတ်ဖြတ်နေပြီး နေပြည်တော်မှာတော့ အကျဉ်းသားတွေ လွှတ်ပေးပြနေတာဟာ တကယ့်ကို ရှေ့နောက်မညီတဲ့ လုပ်ရပ်ပါ။ မတ်လ ၁ ရက်နေ့တုန်းကတင် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၅ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလို စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် အခုလို လွတ်ငြိမ်းခွင့်ကို ဟန်ပြအသုံးချနေတာဟာ အင်မတန်မှ ရွံရှာဖို့ကောင်းတဲ့ ယုတ်မာမှုပါပဲ” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။

စစ်ကော်မရှင်သည် တောင်သူလယ်သမားနေ့ သဝဏ်လွှာတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ကျေးလက်ဒေသများကို မီးရှို့ဖျက်ဆီးခြင်းနှင့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကာ၊ ယခုလွတ်ငြိမ်းခွင့်သည် ထိုသို့သော ဆိုးရွားသည့် ပုံရိပ်များကို ဖုံးကွယ်ရန်အတွက် နိုင်ငံရေးကစားကွက်တစ်ခုအဖြစ် အသုံးပြုခြင်းဖြစ်သည်ဟု ရှုမြင်ခံနေရသည်။

အကျဉ်းသား ၇,၀၀၀ ကျော် လွှတ်ပေးခြင်းသည် အရေအတွက်အားဖြင့် များပြားသည်ဟု ထင်ရသော်လည်း တကယ်တမ်း လွတ်မြောက်သင့်သည့် ထိပ်သီးနိုင်ငံရေးခေါင်းဆောင်များနှင့် မတရားဖမ်းဆီးခံထားရသူ အားလုံး ပါဝင်ခြင်းမရှိသေးပေ။ ခြွင်းချက်မရှိ လွှတ်ပေးခြင်းမျိုးမဟုတ်ဘဲ ခံဝန်ကတိဖြင့် လွှတ်ပေးခြင်းမှာ စစ်မှန်သော စေတနာမဟုတ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

“အခု အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်နေလို့ ထိုင်းကလည်း စက်သုံးဆီတင်ပို့တာတွေ ရပ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ဆီမှာ ကုန်ဈေးနှုန်းတွေ အဆမတန် တက်လာဖို့ပဲ ရှိပါတော့တယ်။ ဒီလို စီးပွားရေးအရ အကျပ်အတည်းတွေ အကြီးအကျယ် ဆိုက်နေတဲ့အချိန်မှာ အကျဉ်းသားတွေ အများကြီး လွှတ်ပေးပြတာဟာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို တခြားဘက် ရွှေ့ပစ်ဖို့ ကြိုးစားတာပါ။ တကယ်တော့ ဒါဟာ အခြေခံလူထု ကြုံနေရတဲ့ ဒုက္ခတွေကို မျက်ကွယ်ပြုပြီး အာရုံလွှဲတဲ့ နည်းလမ်းဟောင်းကြီးပဲ ဖြစ်ပါတယ်”ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။

လွတ်မြောက်လာသူများထဲတွင် မိသားစုများနှင့် ပြန်လည်ဆုံတွေ့ခွင့်ရသူအချို့အတွက် ဝမ်းမြောက်စရာဖြစ်သော်လည်း ဥပဒေကြောင်းအရ ခြိမ်းခြောက်မှုများ ကျန်ရှိနေသေးခြင်းက ၎င်းတို့၏ လွတ်လပ်ခွင့်ကို အပြည့်အဝ အာမခံချက် မပေးနိုင်သေးပေ။

စစ်ကော်မရှင်၏ ယခုလွတ်ငြိမ်းခွင့်သည် နိုင်ငံတကာ၏ ဖိအားကို တုံ့ပြန်ရန်နှင့် ပြည်တွင်း၌ ပုံရိပ်ကောင်းတစ်ခု ရရှိရန်အတွက် ဟန်ပြလုပ်ဆောင်ချက်တစ်ခုသာ ဖြစ်ပြီး မြေပြင်တွင်မူ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများမှာ ရပ်တန့်သွားခြင်း မရှိသေးကြောင်း တွေ့ရှိရသည်။

ပြည်သူလူထုအနေဖြင့် စစ်ကော်မရှင်၏ အပြောနှင့်အလုပ် မညီညွတ်သည့် လုပ်ရပ်များကို သတိပြုစောင့်ကြည့်နေကြပြီး စစ်မှန်သော ငြိမ်းချမ်းရေးနှင့် လွတ်လပ်ခွင့်ရရှိရန်အတွက် ဆက်လက်မျှော်လင့်နေကြဆဲ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူက ပြောသည်။