တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီတို့သည် ဖုန်းဖြင့် အရေးပေါ် ဆက်သွယ်ခဲ့ကြပြီး အရှေ့အလယ်ပိုင်းဒေသ၏ စိုးရိမ်ဖွယ်ရာ စစ်ရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့( မတ် ၂ရက်)တွင် ထုတ်ပြန်ခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီ၏ ပြောပြချက်အရ နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တိုးတက်မှုများ ရှိနေသော်လည်း အမေရိကန်သည် အဆိုပါဆွေးနွေးပွဲများ ပြုလုပ်နေစဉ်အတွင်းမှာပင် အီရန်အပေါ် ဒုတိယအကြိမ် စစ်ပွဲဆင်နွှဲလာခဲ့ကြောင်း ပြောကြားသည်။
မေရိကန်၏ လုပ်ရပ်သည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ရုံတင်မကဘဲ အီရန်၏ သည်းခံနိုင်စွမ်းမျဉ်း (Red Line) ကိုပါ ကျော်လွန်သွားခြင်းဖြစ်သောကြောင့် အီရန်အနေဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန်အတွက် မည်သည့်စရိတ်စကမျိုးမဆို ပေးဆပ်သွားရန် အသင့်ရှိနေကြောင်း ဝမ်ယိအား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကမူ အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုများကို တရုတ်နိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ထို့အပြင် အခြေအနေများ ပိုမိုဆိုးရွားမလာစေရန်နှင့် စစ်မီးသည် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးသို့ ပြန့်နှံ့မသွားစေရန်အတွက် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ကြရန် အမေရိကန်နှင့် အစ္စရေးတို့ကို တရုတ်နိုင်ငံက တိုက်တွန်းထားကြောင်း ဆိုသည်။
လက်ရှိ ဖြစ်ပွားနေသည့် ရှုပ်ထွေးသော အခြေအနေများကြားတွင် အီရန်အနေဖြင့် နိုင်ငံတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဝမ်ယိက ပြောဆိုခဲ့ပြီး၊ အီရန်အတွင်းရှိ တရုတ်နိုင်ငံသားများနှင့် အဖွဲ့အစည်းများ၏ လုံခြုံရေးကို အထူးဂရုစိုက်ပေးရန် တိုက်တွန်းခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဘက်ကလည်း တရုတ်ဝန်ထမ်းများ၏ လုံခြုံရေးအတွက် အစွမ်းကုန် အာမခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ကတိပြုခဲ့ပြီး၊ ဒေသတွင်း တင်းမာမှုများ လျော့ကျသွားစေရန် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်၍ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
