မြန်မာ့ရွှေ သိန်း ၁၁၀ ကျော်သို့ ဒုတိယအကြိမ်မြောက် ခုန်တက်လာသော်လည်း အဖမ်းအဆီးမရှိသေး

နိုင်ငံတကာစစ်ပွဲများကြောင့် မြန်မာ့ရွှေ ကျပ်သိန်း ၁၁၀ ကျော်သို့ ဒုတိယအကြိမ်မြောက် ခုန်တက်လာ ပြီဖြစ်သော်လည်း အဖမ်းအဆီးမရှိသေးကြောင်း သိရသည်။

စစ်ပွဲများကြောင့် ကမ္ဘာ့ရွှေဈေး ထောင်တက်နေသလို မတ်လတစ်ရက်မှ စတင်ကာ မြန်မာ့ရွှေ ပြင်ပ ပေါက်ဈေး ကျပ်သိန်း၁၁၀သို့ ရောက်ရှိခဲ့ပြီး မတ်လ၂ရက်တွင် အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၁၂သိန်းဝန်ကျင်သို့ ရောက်ရှိလာကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။

“ ဒီနေ့ထိတော့ အဖမ်းအဆီးမရှိဘူး၊အေးစေ အနေအထားနဲ့ ဆက်ရွေ့နေတယ်။အီရန်စစ်ပွဲကြောင့် ဖြစ်တာဆိုတော့ စစ်တပ်က သိပ်ရန်မလုပ်သေးတဲ့သဘောပါပဲ။ စစ်ပွဲပြီးလို့ stable မဖြစ်မချင်း က မ္ဘာ့ရွှေဈေးတက်ရင် ဒီမှာလည်း ဆက်တက်မှာပဲ။ သိန်း၁၂၀ လောက် အသာလေးမှန်းထားလို့ ရမယ်” ဟု ရန်ကုန်မြို့တွင်း ရွှေလောကသားတစ်ဦးကမတ်၂ရက်ညတွင် MPAသို့ပြောသည်။

ပြီးခဲ့သည့်လအတွင်း ရွှေဈေး ကျပ်သိန်း၁၁၀ကျော်သွားပြီးနောက် စစ်ကော်မရှင်က ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဖေဖေါ်ဝါရီ၅ရက် က ထုတ်ပြန်ခဲ့သည်။

“ရန်ကုန်မှာ အရောင်းအဝယ်တော့ နည်းနည်းပါးပါးတော့ ရှိပါတယ်။ သိန်း၁၂၀လောက် ရောက်ရင် တော့ အဖမ်းအဆီးတွေ လာနိုင်တယ်”ဟု ၎င်းက သုံးသပ်သည်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၏ မတ်လ၃ရက်နံနက် ရွှေတစ်ကျပ်သားရည် ညွှန်းဈေးမှာ ၆၉သိန်း ဖြစ်သည်။