အမေရိကန်နှင့် အီရန်တို့အကြား ကာလရှည်ကြာ ဖြစ်ပွားနေသော ထိပ်တိုက်ရင်ဆိုင်မှုက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်-အစ္စရေး ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့ခြင်းဖြင့် စစ်ပွဲတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စစ်ဆင်ရေးများသည် ၄ ပတ်မှ ၅ ပတ်အထိ ကြာမြင့်နိုင်ကြောင်း ပြောကြားထားရာ၊ အမေရိကန်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းတွင် စစ်ပွဲသစ်တစ်ခုကို ဆက်လက်တောင့်ခံနိုင်မလား၊ နောက်ဆုံးတွင် မည်မျှအထိ ကုန်ကျနိုင်မလဲဆိုသည်ကို လေ့လာကြည့်နိုင်သည်။
■ Operation Epic Fury (မော်ကွန်းဝင်အမျက်ဒေါသ စစ်ဆင်ရေး) ဆိုသည်မှာ
ဖေဖော်ဝါရီ ၂၈ ရက်တွင် ထရန့်က Truth Social တွင် တင်ခဲ့သော ရှစ်မိနစ်စာ ဗီဒီယိုဖိုင်၌ အမေရိကန်သည် အီရန်နိုင်ငံအတွင်း “အဓိက တိုက်ခိုက်ရေးစစ်ဆင်ရေး” တစ်ခုတွင် ပါဝင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။
နောက်ပိုင်းတွင် ပင်တဂွန်စစ်ဌာနချုပ်က အဆိုပါမစ်ရှင်ကို “Operation Epic Fury” ဟု အမည်ပေးထားကြောင်း ထုတ်ပြန်ခဲ့ပြီ စစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ “အီရန်အနေဖြင့် နျူကလီးယားလက်နက် မရရှိစေရန် သေချာစေဖို့ဖြစ်သည်” ဟု ထရန့်က ဆိုသည်။
“ကျွန်တော်တို့ သူတို့ရဲ့ ဒုံးကျည်တွေကို ဖျက်ဆီးပစ်မယ်၊ သူတို့ရဲ့ ဒုံးကျည်ထုတ်လုပ်ရေး လုပ်ငန်းတွေကိုလည်း မြေလှန်ပစ်မယ်။ အားလုံးကို အစအနမကျန် ချေမှုန်းပစ်မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်စစ်ဘက်၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၈ ရက် စစ်ဆင်ရေးစတင်ချိန်မှစ၍ အီရန်အတွင်းရှိ ပစ်မှတ်ပေါင်း ၁,၂၅၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ သီးခြားထုတ်ပြန်ချက်တစ်ခုတွင် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန်သင်္ဘော ၁၁ စင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဖော်ပြခဲ့သည်။
ယခုစစ်ဆင်ရေးတွင် လေကြောင်းတိုက်ခိုက်မှုများ၊ ပင်လယ်ရေပြင်မှ ပစ်ခတ်သည့် ခရုစ်ဒုံးကျည်များ၊ နျူကလီးယားဆိုင်ရာ အဆောက်အအုံများနှင့် အီရန်ကာကွယ်ရေးကဏ္ဍမှ အဆင့်မြင့်ပုဂ္ဂိုလ်များကို ပစ်မှတ်ထားသော ညှိနှိုင်းတိုက်ခိုက်မှုများ ပါဝင်ကြောင်း သိရသည်။
၁၉၈၉ ခုနှစ်ကတည်းက နိုင်ငံကို ဦးဆောင်ခဲ့သည့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီသည် အမေရိကန်-အစ္စရေးတို့၏ ပထမဆုံးအကြိမ် တိုက်ခိုက်မှုအတွင်း တီဟီရန်ရှိ ၎င်း၏ နေအိမ်ဝင်းအတွင်း ထိမှန်ပျက်စီးမှုကြောင့် သေဆုံးသွားခဲ့သည်။
မတ်လ ၂ ရက်နေ့တွင် ထရန့်က အဆိုပါစစ်ပွဲကို လိုအပ်သရွေ့ ဆက်လက်ဆင်နွှဲသွားမည်ဟု ကတိပြုခဲ့ပြီး သီတင်းပတ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။
အီရန်လခြမ်းနီအသင်း၏ မတ်လ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အီရန်နိုင်ငံအတွင်းရှိ နေရာပေါင်း ၁၃၀ တွင် လူပေါင်း ၅၅၅ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။
■ ၂၀၂၃ ခုနှစ်နောက်ပိုင်း အစ္စရေးနှင့် အရှေ့အလယ်ပိုင်းအတွက် အမေရိကန်၏ ကုန်ကျစရိတ်များ
Brown တက္ကသိုလ်၏ ၂၀၂၅ ခုနှစ် စစ်ပွဲကုန်ကျစရိတ် အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နောက်ပိုင်းတွင် အမေရိကန်သည် အစ္စရေးသို့ စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၂၁.၇ ဘီလီယံခန့် ထောက်ပံ့ပေးခဲ့သည်။
၎င်းအပြင် အမေရိကန်အခွန်ထမ်းများသည် ယီမင်၊ အီရန်နှင့် အရှေ့အလယ်ပိုင်းဒေသတစ်ခွင်ရှိ အစ္စရေးကို အထောက်အကူပြုသော အမေရိကန်၏ စစ်ဆင်ရေးများအတွက် ဒေါ်လာ ၉.၆၅ ဘီလီယံမှ ၁၂.၀၇ ဘီလီယံအထိ ကျခံပေးခဲ့ရသည်။
ထို့ကြောင့် ဤပဋိပက္ခနှင့် ဆက်စပ်၍ အမေရိကန်၏ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၃၁.၃၅ ဘီလီယံမှ ၃၃.၇၇ ဘီလီယံအကြား ရှိနေပြီး ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။
■ အီရန်စစ်ပွဲတွင် အသုံးပြုနေသည့် လက်နက်စနစ်များ
CENTCOM ၏ အဆိုအရ Operation Epic Fury တွင် လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်စနစ်ပေါင်း ၂၀ ကျော် ပါဝင်နေသည်။
“အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အဓိက အာရုံစိုက်မှုကတော့ အီရန်ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေကို အမြန်ဆုံး ချည့်နဲ့သွားအောင် လုပ်ဖို့ပါပဲ။ ဒီတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ဒါမှမဟုတ် အနည်းဆုံးတော့ အစွမ်းကုန် လျှော့ချပစ်ဖို့ပဲ ဖြစ်ပါတယ်” ဟု CENTCOM စစ်ဆင်ရေးဒါရိုက်တာဟောင်း ကယ်ဗင် ဒါနီဂန် (Kevin Donegan) က Al Jazeera သို့ ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်က အသုံးပြုနေသော လက်နက်စနစ်များတွင် B-2 ရေဒါဖျောက် (Stealth) ဗုံးကြဲလေယာဉ်များ၊ F-35 Lightning II နှင့် F-22 Raptor: အဆင့်မြင့် ရေဒါဖျောက် တိုက်လေယာဉ်များ၊ F-15 တိုက်လေယာဉ်များ၊ F-16, F/A-18 Super Hornet နှင့် A-10 အနီးကပ်ပစ်ကူလေယာဉ်များ၊ အီလက်ထရွန်နစ် တိုက်ခိုက်မှုနှင့် ရန်သူ့လေကြောင်းရန်ကာကွယ်ရေးကို နှိမ်နင်းရန် EA-18G Growler များ၊ လေကြောင်းရန် ကြိုတင်သတိပေးနှင့် ထိန်းချုပ်ရေးလေယာဉ်များ (AWACS)၊ ဒရုန်းများနှင့် အဝေးပစ် လက်နက်စနစ်များတွင် ယခုစစ်ဆင်ရေး၌ ပထမဆုံးအကြိမ် အသုံးပြုခဲ့သည့် အီရန်ဒီဇိုင်းကို ပြန်လည်အဆင့်မြှင့်တင်ထားသည့် ကုန်ကျစရိတ်သက်သာသော LUCAS ဒရုန်းများ၊ ထောက်လှမ်းရေးနှင့် တိကျစွာ ပစ်ခတ်တိုက်ခိုက်ရေးအတွက် MQ-9 Reaper ဒရုန်းများ၊ မြေပြင်အခြေစိုက် HIMARS (M-142) ရော့ကက်လက်နက်ကြီးများ၊ ရေတပ်သင်္ဘောများမှ ပစ်ခတ်သည့် Tomahawk ခရုစ်ဒုံးကျည်များ၊ အီရန်၏ ဘောလစ်စတစ်ဒုံးကျည်များနှင့် ဒရုန်းများကို ကြားဖြတ်ပစ်ချရန် Patriot နှင့် THAAD ဒုံးကျည်များ၊ USS Gerald R Ford နှင့် USS Abraham Lincoln လေယာဉ်တင်သင်္ဘောများ ဦးဆောင်ကာ ပင်လယ်ပြင်မှ အင်အား ထောက်ပံ့ပေးထားသည့် ရေတပ်အုပ်စု၊ ကမ်းရိုးတန်းကင်းလှည့်နှင့် ထောက်လှမ်းရေးအတွက် P-8 Poseidon များ၊ : C-17, C-130 နှင့် ဝေဟင်ဆီဖြည့်လေယာဉ်များကို အသုံးပြုထားသည်။
■ အီရန်စစ်ပွဲကြောင့် အမေရိကန်အတွက် ကုန်ကျစရိတ် မည်မျှရှိနိုင်သလဲ
လက်ရှိဖြစ်ပွားနေသော စစ်ဆင်ရေးတစ်ခု၏ စုစုပေါင်းကုန်ကျစရိတ်ကို ခန့်မှန်းရန် ခက်ခဲလှသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ ယခုစစ်ပွဲသစ်သည် အမေရိကန်အတွက် မည်မျှကုန်ကျသွားမည်ကို ပြောရန် စောလွန်းနေသေးသည်။
“ပင်တဂွန်က ဒီအချက်အလက်ကို ထုတ်ပြန်မထားတဲ့အတွက် ကျွန်တော်တို့ မှန်းဆကြည့်လို့ပဲ ရပါသေးတယ်။ လက်နက်တစ်ခုချင်းစီရဲ့ တန်ဖိုးနဲ့ စစ်ဆင်ရေးကုန်ကျစရိတ်တွေကိုပဲ တွက်ချက်ကြည့်နိုင်တာပါ” ဟု Stimson Center မှ စီနီယာအဖွဲ့ဝင် ခရစ်စတိုဖာ ပရီဘဲလ် က ပြောသည်။
Anadolou သတင်းဌာန၏ အစီရင်ခံစာများအရ Operation Epic Fury ၏ ပထမဆုံး ၂၄ နာရီအတွင်း၌တင် အမေရိကန်သည် ဒေါ်လာ ၇၇၉ သန်းခန့် အသုံးပြုခဲ့ရနိုင်ကြောင်း ခန့်မှန်းထားသည်။
စစ်မတိုက်မီ ကြိုတင်ပြင်ဆင်မှုများအတွက်လည်း နောက်ထပ် ဒေါ်လာ ၆၃၀ သန်းခန့် ကုန်ကျခဲ့နိုင်သည်ဟု ဆိုသည်။
Center for New American Security ၏ အဆိုအရ USS Gerald R Ford ကဲ့သို့သော လေယာဉ်တင်သင်္ဘောအုပ်စုတစ်ခုကို လည်ပတ်ရန် တစ်ရက်လျှင် ဒေါ်လာ ၆.၅ သန်းခန့် ကုန်ကျသည်။
၎င်းအပြင် စစ်လက်နက်ကိရိယာ ဆုံးရှုံးမှုတန်ဖိုးများလည်း ရှိသေးသည်။ ကူဝိတ်တွင် အမေရိကန် တိုက်လေယာဉ် အနည်းဆုံး သုံးစင်း ပစ်ချခံခဲ့ရသည်။
သို့သော် ကျွမ်းကျင်သူများက ငွေကြေးထက် လက်နက်လက်ကျန်စာရင်း (Inventory) အပေါ် ပိုမိုစိုးရိမ်နေကြသည်။ “ကုန်ကျစရိတ်အရဆိုရင်တော့ ဒါကို တောင့်ခံနိုင်ပါတယ်။ အမေရိကန်မှာ ဒေါ်လာ ၁ ထရီလီယံနီးပါးရှိတဲ့ ကာကွယ်ရေးအသုံးစရိတ် ရှိနေလို့ပါပဲ” ဟု ပရီဘဲလ်က ဆိုသည်။
“ဒါပေမဲ့ တကယ့်မေးခွန်းက အမေရိကန်လက်နက်တိုက်ထဲမှာရှိတဲ့ Patriot ဒုံးကျည် ဒါမှမဟုတ် SM-6 လိုမျိုး ကြားဖြတ်ပစ်ချတဲ့ ဒုံးကျည်အရေအတွက် ဘယ်လောက်ကျန်သေးလဲဆိုတာပါပဲ။”
ကြားဖြတ်ပစ်ချမှုနှုန်း မြင့်မားနေခြင်းသည် အကန့်အသတ်မရှိ ဆက်လက်မလုပ်ဆောင်နိုင်ကြောင်း ၎င်းက သတိပေးသည်။
“အခုဖြစ်နေတဲ့ ကြားဖြတ်ပစ်ချမှု အရှိန်အဟုန်အတိုင်းဆိုရင်တော့ သီတင်းပတ်အနည်းငယ်ထက် ပိုမခံနိုင်ပါဘူး” ဟု ပရီဘဲလ်က ဆိုသည်။ အလားတူ စိုးရိမ်မှုမျိုး ဇွန်လအတွင်းက အီရန်နှင့် ၁၂ ရက်ကြာ ပဋိပက္ခဖြစ်စဉ်ကလည်း ပေါ်ပေါက်ခဲ့ဖူးသည်။
“ဒီလက်နက်အချို့ကို ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့ ယူကရိန်းကို ပို့ဖို့ ရည်ရွယ်ထားတာပါ။ တချို့ကိုတော့ အာရှနဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ အသုံးပြုဖို့ ထားရှိတာပါ။ ဒါကြောင့် အဲဒီဒေသတွေကနေ လက်နက်တွေ ထုတ်ယူသုံးစွဲရတာက စိုးရိမ်စရာ ဖြစ်လာပါလိမ့်မယ်။”
ယခုကဲ့သို့သော အဆင့်မြင့်လက်နက်များကို ချက်ချင်းလက်ငင်း အစားထိုးထုတ်လုပ်ရန်မှာလည်း မလွယ်ကူပေ။
“Patriot ဒုံးကျည် ဒါမှမဟုတ် SM-6 ဆိုတာ အင်မတန် ရှုပ်ထွေးတဲ့ လက်နက်တွေပါ။ တစ်ရက်ကို ရာနဲ့ချီ၊ ထောင်နဲ့ချီ ထွက်လာအောင် လုပ်လို့ရတဲ့ ကုန်ထုတ်လုပ်မှုမျိုး မဟုတ်ပါဘူး” ဟုလည်း ပရီဘဲလ်က ပြောကြားသည်။
