ပုလဲတွင် စစ်ရေးတင်းမာနေကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများပြားနေပြီး စစ်တပ်က ရိက္ခာများဖြည့်တင်းနေ

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပုလဲမြို့နယ်၊ ပေးပို့
ပုံစာ - ပုလဲမြို့နယ် ပကဖအဖွဲ့ဝင်များနှင့် ပုလဲမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း၌ စစ်ကော်မရှင်တပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက်ရှိနေပြီး၊ စစ်ကော်မရှင်တပ်ဘက်ကလည်း ပျူစောထီးကျေးရွာများသို့ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ စုံစမ်း သိရှိရသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ချင်ပြစ်ကျေးရွာ၌ အထိုင်ချတပ်စွဲနေသည့် စစ်ကော်မရှင်စစ်ကြောင်းက ငှက်ပျောတော၊ ချင်ပြစ်ကျင်း၊ နွယ်အင်း၊ နှောရိုး၊ ကြောင်သန်း၊ ဆင်ရှင်နှင့် သပြေလှကျေးရွာများမှတစ်ဆင့် မုံသွင်ကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပုလဲမြို့နယ်ရှိ ချင်ပြစ်ကျေးရွာမှ မုံသွင်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ကြောင်း သိရသည်။

“ချင်ပြစ်ကနေ မုံသွင်ရွာဘက်ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်တာ။ လက်တလော သိရသလောက်က စစ်တပ်ဘက်က လေကြောင်းအရမ်းသုံးတာကို ကြည့်ရရင် သူတို့အထိနာလို့ပဲ။ ဒါပေမဲ့ PDF တွေဘက်ကလည်း အနည်းဆုံး ၅ ယောက်ဝန်းကျင်တော့ ကျတယ်လို့ သိရတယ်။ အတိအကျကတော့ သတင်းထုတ်ပြန်မှ ပိုသိရမှာပါ” ဟု မြေပြင်အခြေအနေ သိရှိသူ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

ထို့ပြင် စစ်ကော်မရှင်တပ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်ခိုလှုံလာသည်ဟု ဒေသခံအချို့က ဆိုသော်လည်း MPA အနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်က ၂၀၂၆ ခုနှစ်၊ မတ် ၂ ရက်၊ နံနက် ၉ နာရီနှင့် မွန်းလွဲ ၂ နာရီတို့တွင် ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်း (ပျူစောထီး) ကျေးရွာသို့ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းဖြည့်တင်းမှုများလည်း လုပ်ဆောင်ခဲ့သည်။

“ဒီနေ့(မတ် ၂ရက်)တစ်ရက်တည်းကို ရိက္ခာနှစ်ခါချတယ်။ ညနေ ၄ နာရီလောက်က ပုလဲ အနောက်တောင်ခြမ်းနေရာမှာ စစ်တပ်က ဗုံးကြဲတယ်။ ဖုန်းလိုင်းတွေမရတော့ တချို့ဟာတွေကျ တိတိကျကျ မသိရဘူး။ ရင်ပေါင်တိုင်ရွာ မီးရှို့ခံရတယ်ဆိုတာ ကောလဟာလတွေ၊ ဘာမှမဖြစ်ဘူး။ ဒီနေ့အထိကတော့ တိုက်ပွဲဖြစ်တာ ချင်ပြစ်နဲ့ မုံသွင်ရွာပဲ ကြားထားတာ” ဟု ပုလဲမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။

ပုလဲမြို့အနောက်ဘက်ရှိ ရင်ပေါင်တိုင်၊ မြကုန်း၊ ကျေးသမျှား၊ ရွာသစ်၊ ကုက္ကိုလ်ကုန်း၊ အလယ်ဘုံ၊ မဲဇရပ်၊ ဦးနှောက်၊ ညောင်ရမ်းကုန်း၊ ဆူးပုတ်ကုန်း၊ သရက်ကန်၊ ထန်းတောတိုက်၊ သပြေကုန်း၊ အင်ကြင်းစု၊ မန်ကျည်းစု၊ စပါးစေ့၊ သရက်၊ ပုထိုးသာ၊ ငှက်ပျောတော၊ ကြောင်သန်း၊ စေတီယျုံ၊ ကိုင်းတွင်း၊ နှောကန်၊ လက်ပုကန်၊ မင်းတိုင်ပင်နှင့် ကျောက်ဖျာကန်ကျေးရွာတို့မှ ပြည်သူအများစုမှာ ကန့်ဒေါင့်စခန်းတိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လဆန်းမှစ၍ စစ်ရှောင်နေကြရပြီး လက်ရှိ စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်နေခြင်းကြောင့်လည်း ထပ်မံ၍ စစ်ရှောင်နေကြရကြောင်း သိရသည်။

“အရင်ကဆိုရင် စစ်တပ်စစ်ကြောင်းထွက်လာတာနဲ့ မိုင်းတွေခွဲကြ၊ ဟိုနားကပစ်လိုက် ဒီနားကပစ်လိုက်နဲ့ စစ်တပ်စစ်ကြောင်း အထိနာတယ်။ အခုလည်း စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ စုပေါင်းပြီး တိုက်စေချင်တယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ထံ လက်နက်ချအညံ့ခံခဲ့ပြီးနောက်၊ ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ စစ်ကော်မရှင်တပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ပုလဲ – ဂန့်ဂေါလမ်းမကြီး၏ လမ်းဘေးဝဲယာကို စစ်ကြောင်းထိုး လှုပ်ရှားနေခြင်းဖြစ်သည်။