အမှုပိတ်၍ ပြန်လာသူများ စစ်မှုထမ်းဥပဒေအောက် ရောက်ရှိနိုင်သည့်အပေါ် သတိထားရန် ရှေ့နေများ တိုက်တွန်း

ပုံစာ-ယမန်နေ့က အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ
ဓာတ်ပုံ-MPA

အာဏာသိမ်း စစ်တပ်ဘက်က နိုင်ငံရေးအမှုများ ပိတ်ပေးသဖြင့် နေရပ်ပြန်လာသူများအနေဖြင့် စစ်မှုထမ်းဥပဒေဖြင့် ဆင့်ခေါ်ခြင်းခံရနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

လက်တလောတွင် တရားရုံးများ၌ ၅၀၅ (က)၊ ၅၀ (ည) နှင့် ၅၂ (က) တို့ကဲ့သို့ နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံရသူများကို စစ်ဆေးမှုများ မရှိတော့သဖြင့် နိုင်ငံရေးဖြေလျှော့မှုဟု ဆိုနိုင်သော်လည်း စစ်တပ်ကိုယုံ၍ နေရပ်ပြန်လာပါက စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရနိုင်ကြောင်း အဆိုပါရှေ့နေက သတိပေးသည်။

“မရှိတော့ဘူး။ ရန်ကုန်မှာတော့ စစ်နေဆဲအမှုတွေလည်း မတွေ့ရတော့ဘူး။ ဒါပေမဲ့ ဒီဖြေလျှော့မှုကြောင့် အိမ်ပြန်လာကြမယ်ဆိုရင် စစ်မှုထမ်းဖို့ ခေါ်နိုင်တယ်။ စစ်မှုထမ်းဥပဒေက ရှိနေသေးတယ်။ ဒါကို သတိထားကြပါလို့ ပြောချင်ပါတယ်” ဟု လုံခြုံရေးအရ အမည်ထုတ်ဖော်ခွင့်မပြုသည့် ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်တပ်၏ ယခုလုပ်ရပ်အား နိုင်ငံရေးဖြေလျှော့မှုအဖြစ် ယုံကြည်မိပါက အန္တရာယ်များသည်ဟုလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သတိပေးသည်။

“သူ့ဟာသူ ဘယ်လောက်လွတ်ငြိမ်းပေးပေး ပစ်ဒဏ်တွေ ဘယ်လိုလျော့ပေးပေး စိတ်မထင် ငွေညှစ်ချင်ရင် နည်းမျိုးစုံနဲ့ ဖမ်းနေတာပဲ။ ခွေးရူးက အချိန်မရွေး ကိုက်တတ်တယ်။ ခဏငြိမ်ပြတယ်ဆိုပြီး ဝမ်းသာပြီး ခေါင်းသွားထိရင် ခံရမှာ။ ဉာဏ်တော့ သုံးပေါ့” ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သဖြင့် ဖမ်းဝရမ်းထုတ်ခံရသူများကလည်း စစ်ကော်မရှင်၏ ဖြေလျှော့မှုကို မယုံကြည်သည့်အပြင် အာဏာသိမ်း စစ်တပ်လက်အောက် မနေလိုသဖြင့် နေရပ်ပြန်လာရန် အစီအစဉ်မရှိကြသည်ကိုလည်း တွေ့ရသည်။

“မလာပါဘူး။ နဂိုကတည်းက စစ်အာဏာရှင်လက်အောက် မနေချင်လို့ ထွက်သွားတာ။ သူတို့လက်အောက် ပြန်မနေပါဘူး။ ဒါပေမဲ့ လွတ်လာတဲ့သူတွေအတွက်တော့ ဝမ်းသာပါတယ်။ ဒီစစ်တပ်ကိုတော့ ကျေးဇူးတင်စရာ မရှိပါဘူး” ဟု ချင်းမိုင်မြို့၌ တိမ်းရှောင်နေရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်တပ်သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိရေး နိုင်ငံရေးဖြေလျှော့မှုများကို ဆက်တိုက်ပြုလုပ်လာနေပြီး ၅၀၅ (က)၊ ၅၀ (ည) နှင့် ၅၂ (က) တို့ကဲ့သို့ နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးထောင်ချ တရားစွဲဆိုထားမှုများကို ပိတ်သိမ်းပေးလာခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ၅၀၅ (က) အမှုများ ပိတ်သိမ်းကြောင်း ကြေညာပြီးနောက် ယမန်နေ့က ၅၀ (ည) နှင့် ၅၂ (က) အမှုများ ပိတ်သိမ်းကြောင်း ကြေညာလာခြင်းဖြစ်သည်။

ယမန်နေ့က လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားအများအပြားကို ပြန်လွှတ်ပေးခဲ့သည်ဟု ကြေညာထားသော်လည်း လက်ရှိတွင် အမှန်တကယ် လွတ်မြောက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်နေကြဆဲ ဖြစ်သည်ဟုလည်း သိရသည်။