ရုရှားစစ်ပွဲ တစ်လကြာ အပစ်ရပ်အောင် လုပ်ပေးနိုင်ပါက အီရန်ဒရုန်းများ ကြားဖြတ်တိုက်ခိုက်ရန် ကျွမ်းကျင်ပညာရှင်များ ပို့ပေးမည်ဟု ဇလန်းစကီးဆို

အကယ်၍ အရှေ့အလယ်ပိုင်းဒေသ ခေါင်းဆောင်များအနေဖြင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တစ်လကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီရန် စည်းရုံးနိုင်ပါက၊ အီရန်ဒရုန်းများကို ကြားဖြတ်တိုက်ခိုက်ရာတွင် အတော်ဆုံးဖြစ်သည့် ယူကရိန်းကျွမ်းကျင်ပညာရှင်များကို အရှေ့အလယ်ပိုင်းသို့ ပေးပို့ရန် အသင့်ရှိကြောင်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မတ်လ ၂ ရက်နေ့တွင် ဘလွန်းဘာ့ဂ် (Bloomberg) နှင့် ပြုလုပ်သည့် အင်တာဗျူး၌ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်၏ အဓိပတိ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီနှင့် အခြားထိပ်တန်းအရာရှိများစွာ သေဆုံးခဲ့ရမှုကို လက်တုံ့ပြန်သည့်အနေဖြင့်၊ အီရန်က ဒူဘိုင်းအပါအဝင် အရှေ့အလယ်ပိုင်းရှိ မြို့ကြီးများကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ဇလန်းစကီး၏ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့အပြင် အီရန်အစိုးရသည် အစ္စရေးနိုင်ငံအပြင် အီရတ်၊ ဘာရိန်း၊ ကူဝိတ်နှင့် ကာတာနိုင်ငံတို့ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများကိုလည်း တိုက်ခိုက်ခဲ့သည်။

ရုရှား၏ ကျူးကျော်စစ်အတွင်း ဒရုန်းများကို ပစ်ချရာတွင် ယူကရိန်းအနေဖြင့် ထူးခြားသည့် အတွေ့အကြုံများ ရရှိခဲ့ကြောင်း၊ အဆိုပါ ဒရုန်းအများစုမှာ ၂၀၂၂ ခုနှစ်ကတည်းက တီဟီရန်က ရုရှားသို့ စတင်ပေးပို့ခဲ့သည့် ရှာဟစ် (Shahed) အမျိုးအစား ဒရုန်းများဖြစ်ကြောင်း ဇလန်းစကီးက ဆိုသည်။ ထိုအချိန်မှစ၍ ယူကရိန်းအပေါ် အဆိုပါဒရုန်း အမျိုးအစားပေါင်း ၅၇,၀၀၀ ခန့် အသုံးပြု တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

“ကျွန်တော် အကြံပြုလိုတာကတော့ အရှေ့အလယ်ပိုင်း ခေါင်းဆောင်တွေဟာ ရုရှားတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပါတယ်။ သူတို့အနေနဲ့ ရုရှားတွေကို တစ်လကြာ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ပေးဖို့ တောင်းဆိုနိုင်ပါတယ်” ဟု ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

အကယ်၍ အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပါက ယူကရိန်း၏ ဒရုန်းကြားဖြတ်တိုက်ခိုက်ရေး ထိပ်တန်းကျွမ်းကျင်သူများကို အရှေ့အလယ်ပိုင်းသို့ ပေးပို့ရန် ဇလန်းစကီးက အဆိုပြုခဲ့သည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေးသည် အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အရပ်သားများကို အကာအကွယ်ပေးနိုင်ရန် နှစ်ပတ် သို့မဟုတ် နှစ်လအထိ ကြာမြင့်နိုင်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ယူကရိန်းအစိုးရသည် ကြိုတင်ကန့်သတ်ချက်မရှိသည့် အပစ်အခတ်ရပ်စဲရေးကို အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း၊ မော်စကို (ရုရှားအစိုးရ) ကမူ ဤအဆိုပြုချက်ကို ပယ်ချခဲ့ပြီး ယူကရိန်းအပေါ် မရပ်မနား တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ယူကရိန်းကျွမ်းကျင်သူများအနေဖြင့် ဒရုန်းများကို ကြားဖြတ်တိုက်ခိုက်ရာတွင် လမ်းညွှန်မှုများ ပေးနိုင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၏ ပြောကြားချက်အပြီးတွင်၊ ယူကရိန်းကျွမ်းကျင်သူများ ပေးပို့ရန် ဥရောပ သို့မဟုတ် အရှေ့အလယ်ပိုင်းနိုင်ငံများထံမှ တိုက်ရိုက်တောင်းဆိုမှုမျိုး ယနေ့အထိ မရရှိသေးကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဒီသတင်းအချက်အလက်တွေကို မျှဝေဖို့ အသင့်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေ ကျွန်တော်တို့ဆီ လာရောက်ကြပါစေ” ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။