အရှေ့တောင်အာရှနိုင်ငံများတွင် အခြေစိုက်ပြီး ကမ္ဘာတစ်ဝန်းရှိ အရပ်သားများထံမှ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ လိမ်လည်နေသည့် အွန်လိုင်းငွေလိမ်စခန်း (Scam Compounds) များကို နှိမ်နင်းရန်အတွက် အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း FBI ၏ တရားဝင် Facebook နှင့် X လူမှုမီဒီယာစာမျက်နှာများတွင် ယနေ့ဖော်ပြထားသည်။
ဘန်ကောက်မြို့အခြေစိုက် FBI ၏ ဥပဒေရေးရာသံရုံး (Legat Bangkok) သည် ထိုင်းအာဏာပိုင်များ၊ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲကာ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများကို တိုက်ဖျက်နေကြောင်း အဆိုပါ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြခဲ့သည်။
ယခုပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းရှိ ငွေလိမ်ဂိုဏ်းများကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဆုံးရှုံးမှုများနှင့် လူကုန်ကူးမှု ပြဿနာများကို တုံ့ပြန်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အရှေ့တောင်အာရှဒေသ၊ အထူးသဖြင့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ နယ်စပ်ဒေသများနှင့် အထူးစီးပွားရေးဇုန်များသည် အွန်လိုင်းငွေလိမ်လည်မှုများ၏ အဓိက အချက်အချာနေရာများ ဖြစ်လာခဲ့သည်။
အဆိုပါ ငွေလိမ်ဂိုဏ်းများသည် “Pig Butchering” ဟု ခေါ်ဆိုသည့် ရင်းနှီးမြှုပ်နှံမှု အကြောင်းပြကာ လိမ်လည်သည့် နည်းလမ်းများကို အဓိကအသုံးပြုကြပြီး၊ အမေရိကန်နိုင်ငံသားများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူများကို ပစ်မှတ်ထားကာ ဒေါ်လာဘီလီယံနှင့်ချီ၍ လိမ်လည်နေကြခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ အစီရင်ခံစာများအရ အဆိုပါလုပ်ငန်းများတွင် လူပေါင်းသိန်းနှင့်ချီ၍ အဓမ္မစေခိုင်းခံနေရပြီး လူကုန်ကူးမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာလည်း ဆိုးရွားစွာ ဖြစ်ပေါ်နေသည်။
ထိုင်းနိုင်ငံသည် ငွေလိမ်ဂိုဏ်းများ၏ အခြေစိုက်စခန်းများ တည်ရှိရာ နိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် အဆိုပါရာဇဝတ်မှုကွန်ရက်များကို ဖြတ်တောက်ရန် အဓိကကျသော နေရာတစ်ခုဖြစ်သည်။
FBI အနေဖြင့် ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ လိမ်လည်ရရှိသည့် ငွေကြေးစီးဆင်းမှုများကို ခြေရာခံခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်ဖလှယ်ခြင်းနှင့် နိုင်ငံတကာအဆင့် ဖမ်းဝရမ်းထုတ်ထားသည့် တရားခံများကို ဖမ်းဆီးခြင်းတို့တွင် ပါဝင်ကူညီပေးနေသည်။
ယခု ထုတ်ပြန်ချက်တွင် အသေးစိတ်အချက်အလက်များကို ထည့်သွင်းဖော်ပြမထားသော်လည်း ဒေသတွင်းမှ ကျားဖြန့် ငွေကြေးလိမ်လည်မှု ကွန်ရက်များကို နှိမ်နင်းရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
