မုံရွာမြို့အနီး လူမရှိသည့်ရွာကို စစ်တပ်အကြောင်းမဲ့ မီးရှို့ပြန်

ဓာတ်ပုံ-ပေးပို့ ပုံစာ- မုံရွာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ။

By Ra Wai / MPA

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး လူမရှိသည့် ညောင်ပင်ရွာက စစ်ကြောင်းထိုးလာသည့်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ ကြောင်းသိရသည်။

စက်တင်ဘာ ၁၂ရက် ညနေပိုင်းက၊မုံရွာ စီးပွားရေးတက္ကသိုလ်(ECO)မှ ထွက်လာသည့် အင်အား ၇၀ ဝန်းကျင်ပါစစ်ကြောင်းသည် ညောင်ပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

” ညောင်ပင်ရွာကို Eco ကနေ စစ်ကြောင်းထွက်ပြီး ရှို့တာဗျ။ မနေ့ကစစ်ကြောင်းက ညောင်ပင် မှာ ညအိပ်တယ်။ မီးရှို့ခံရတဲ့ အရေအတွက်တော့ အတိအကျ ‌မရောက်သေးလို့ဗျ။ မီးရှို့မှုကတော့ အဲ့ဘက်မှာ ဘာတိုက်ပွဲမှ မဖြစ်ဘဲ ရှို့တာ” ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက MPA သို့ပြောသည်။

ယင်းစစ်ကြောင်းသည် ယနေ့ ( စက်တင်ဘာ ၁၃ရက်) နံနက်ပိုင်းတွင် ဩဂုတ် ၈ရက်ကတည်းက ကျောက္ကာရွာ ရွှေဂူနီဘုရား၌ တပ်စွဲထားသည့် အင်အား ၁၀၀ဝန်းကျင်ရှိ စစ်ကြောင်းနှင့် ပူးပေါင်းသွား‌ကြောင်း သိရသည်။

ရွှေဂူနီတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကြောင်းကြောင့် ကျောက္ကာရွာနှင့် ညောင်ပင်ရွာအပါအဝင် ‌ကျေးရွာ ၁၁ရွာမှ အိမ်ထောင်စု ၅ထောင်ကျော် ယနေ့အထိ နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။

” ကြာလာတော့ စားရေးသောက်ရေး ခက်ခဲလာကြတယ်ဗျ။ နေရေးရောပေါ့ဗျာ။ ကျွန်တော်တို့ တတ်နိုင်သလောက်တော့ ဆန်၊ ဆီ၊ ရိက္ခာ ထောက်ပံပေးထားပါတယ်ဗျ။ကူညီနိုင်မယ့်လူတွေ၊ အဖွဲ့အစည်းတွေရှိရင်လည်း ပေ့ချ်ကနေ ဆက်သွယ်လို့ရပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းသည် ဩဂုတ် ၈ရက်နေ့မှ ယနေ့အထိ မုံရွာမြို့အနီးရှိ ကျောက္ကာတောင်ရွာ၊ မြောက်ရွာ၊ ရေနံကုန်းနှင့် ညောင်ပင်ရွာတို့ မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ညောင်ပင်ရွာတွင် အိမ်ထောင်စု၅၀၀ခန့်ရှိကြောင်း ၂၀၁၄ခုနှစ်သန်းခေါင်စာရင်း၌ ဖော်ပြထားသည်။

စာတည်း-ML