နတ်တလင်းတွင် ဂိတ်စောင့်ပျူများ PDF တိုက်ခိုက်ခြင်းခံရပြီးနောက် ရွာထဲ ဝင်ပြေး

ဓာတ်ပုံ-သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ပုံစာ- တိုက်ပွဲဝင် PDFရဲဘော်များ။

By Nway / MPA

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ဂိတ်ကို PDFတို့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီးတို့ ရွာထဲသို့ ဝင်ပြေးသွားကြကြောင်းသိရသည်။

စက်တင်ဘာ ၁၂ရက်၊ ည၁၀နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ပျူရွာဂိတ်ကို PDFတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ရွာထဲသို့ ထွက်ပြေးသွားသော်လည်း ပြည်သူများထိခိုက်မည်စိုး၍ လိုက်လံပစ်ခတ်ခြင်းမပြုဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁က သတင်းထုတ်ပြန်သည်။

” ရွာထိပ်မှာချထားတဲ့ဂိတ်ပါဗျ။ ဂိတ်မှာ ၇ယောက်ပေါ့။ ညပျူတွေ ၇ယောက်ကင်းစောင့်တာ။ ဝင်ရောက်ပစ်ခတ်မှုက နာရီဝက်လောက်ကြာတယ်ဗျ။ ဒဏ်ရာရတာလောက်ပဲ ရှိတယ်လို့သိရတယ်။ ကျွန်တော်တို့ဝင်ပစ်တဲ့ချိန်သူတို့ကထွက်ပြေးသွားတာ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁မှ ရဲဘော်ထင်ကျန်က MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ကာဘိုင်ကျည်ဘောက် တစ်ဘောက်၊ ကာဘိုင်ကျည် ၈၅ တောင့်နှင့် ဖုန်း ၂ လုံး သိမ်းဆည်းရမိခဲ့ပြီး ဂိတ်စခန်းကို ဖျက်ဆီးနိုင်ခြင်းမရှိခဲ့ကြောင်း ၎င်းကပြောသည်။

” ဂိတ်ကိုတော့မဖျက်ဆီးခဲ့ရဘူး။ သေချာအခိုင်အမာဆောက်ထားတာ။ သွပ်မိုးနဲ့ သစ်နဲ့ အခိုင်အမာ ဆောက်ထားတာ” ဟု ၎င်းကဆက်လက်ပြောသည်။

တိုက်ခိုက်မှုပြီးနောက် ယနေ့ (စက်တင်ဘာ ၁၃ရက်) ည ၇နာရီ မိနစ်၂၀ခန့်အထိ ယင်းဂိတ်သို့ ပျူစောထီးများ လာရောက်ခြင်းမရှိသေးကြောင်းသိရသည်။

ပန်းတင်းပင်ပျူရွာတွင် ပျူစောထီးအင်အား အနည်းဆုံး ၃၀ဝန်းကျင်ရှိပြီး ယင်းရွာ၌ သာမန်ပြည်သူများလည်း နေထိုင်နေသော်လည်း အရေအတွက်ကိုမူ မသိရှိကြောင်း ၎င်းက ဆိုသည်။

စာတည်း-ML