တပတ်ကျော်ကြာ စစ်တပ်၏ ဖမ်းဆီးခြင်းခံထားရသည့် နှစ်ကရင်လူမှုကူညီရေးအသင်းဥက္ကဌ အဆက်အသွယ်ပြတ်နေ

ဓာတ်ပုံ - နှစ်ကရင်လူမှုကူညီရေးအသင်း

စစ်တပ်၏ ဖမ်းဆီးခြင်းခံထားရသော မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်လူမှုကူညီရေးအသင်းဥက္ကဌ ဦးဝင်းမြင့်ဦးသည် တစ်ပတ်ကြာသည့်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အသင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နှစ်ကရင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်သည် ဦးဝင်းမြင့်ဦးကို စစ်ဆေးမေးမြန်းရန်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အစောပိုင်းတွင် ဖမ်းဆီးခံထားရသည့် ဦးဝင်းမြင့်ဦးကို ရေးမြို့ပေါ်ရှိ စစ်တပ်အခြေစိုက်စခန်းတွင် စစ်ဆေးမေးမြန်းနေသည်ဟု သတင်းရရှိခဲ့သော်လည်း၊ ယင်းနောက်တွင် ထပ်မံအဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားကြောင်း နှစ်ကရင်လူမှုကူညီရေးအသင်းနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက MPA ကို ပြောသည်။

“အစကတော့ ရေးစခန်းမှာ စစ်နေတယ်တဲ့၊ စစ်ပြီးရင် ပြန်လွှတ်မယ်ပေါ့။ ထင်ထားတာ သူက ဘာမှ အပြစ်မရှိတာ။ အခု လုံးဝကို အဆက်အသွယ်မရတော့ စိုးရိမ်စရာ ဖြစ်ကုန်ပြီပေါ့” ဟု ၎င်းက ပြောသည်။

အသက် ၃၀ ကျော်အရွယ်ရှိသည့် နှစ်ကရင်လူမှုကူညီရေးအသင်းဥက္ကဌကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ၎င်း၏နေအိမ်၌ အလှူမင်္ဂလာပြုလုပ်နေချိန် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ခဲ့ပြီးနောက်၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်ဆက်နွှယ်မှုမရှိသည့် ဦးဝင်းမြင့်ဦးကို မည်သည့်အကြောင်းရင်းဖြင့် ဖမ်းဆီးခဲ့သည်ကိုမူ အတိအကျ မသိရသေးပေ။

ဦးဝင်းမြင့်ဦး ဖမ်းဆီးခံရသည့်နေ့ မတိုင်ခင်ရက်ပိုင်းအတွင်း နှစ်ကရင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက်မှ အထိနာခဲ့သည်။

“PDF တွေနဲ့ အဆက်အသွယ်လုပ်တယ်လို့ စွပ်စွဲတာပေါ့။ ပြီးတော့ သူက တော်လှန်ရေးအဖွဲ့တွေကို သတင်းပေးနေတယ်လို့ မဟုတ်မမှန်တာတွေ စွပ်စွဲနေကြတာ။ သူက ဘယ်သူ့ကိုမှ သတင်းမပေးသလို ပတ်သက်မှုလည်း မရှိဘူးဆိုတာ အကုန်လုံးသိကြတယ်” ဟု နှစ်ကရင်ရွာခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဦးဝင်းမြင့်ဦး ဖမ်းဆီးခံထားရသော်လည်း အသင်း၏လုပ်ငန်းများကို ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ယခုလို အဆက်အသွယ်ပြတ်တောက်နေသည့် ဦးဝင်းမြင့်ဦး၏ အသက်အန္တရာယ်အတွက် မိသားစုဝင်များနှင့် မိတ်ဖက်လူမှုကူညီရေးအသင်းအချို့က စိုးရိမ်မှုများရှိနေကြပြီး၊ အမြန်ဆုံး အဆက်အသွယ်ရရှိနိုင်ရန် ကြိုးစားနေကြောင်း အသင်းနှင့် နီးစပ်သူက ပြောသည်။

ဦးဝင်းမြင့်ဦး ဖမ်းဆီးခံထားရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် သက်ဆိုင်ရာ မိသားစုဝင်များထံသို့ MPA မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

စစ်တပ်အာဏာမသိမ်းခင်ကတည်းက ဖွဲ့စည်းခဲ့သည့် နှစ်ကရင်လူမှုကူညီရေးအသင်းသည် ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ ငွေကြေးမတတ်နိုင်သည့် မိသားစုဝင်များကို ကူညီထောက်ပံ့ပေးခြင်း အစရှိသည့် ပရဟိတလုပ်ငန်းများကို ဆောင်ရွက်နေသော အသင်းတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်းကလည်း သံဖြူဇရပ်မြို့နယ်အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဌ ဦးရဲမင်းဦးအပါအဝင် အဖွဲ့ဝင်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

“ကျွန်တော်တို့တုန်းက တစ်ခုခုသွားမယ်ဆိုရင် စစ်တပ်ရော ဟိုဘက်အင်အားစုနဲ့ရော ထိတွေ့နေရတယ်။ ဘာလို့ဆိုတော့ နေရာတိုင်းမှာ ဂိတ်တွေရှိနေတာ၊ အသိပေးရတယ်။ ပြောချင်တာက လူတိုင်းနဲ့ ထိတွေ့ဆက်ဆံနေရတယ်။ ဒီလိုထိတွေ့ဆက်ဆံရတာက ကျွန်တော်တို့အတွက် မဟုတ်ဘူးလေ။ အဆင်မပြေတဲ့ ပြည်သူတွေကို သွားပို့တာ၊ လူနာတွေရဲ့ အသက်အန္တရာယ် မရှိအောင် အချိန်မီသွားရတာပဲ။ ဒီကြားထဲတောင် ဘယ်အဖွဲ့ကမှန်းမသိတဲ့ တိုက်ခိုက်မှုတွေ ကြုံရတယ်။ ထိခိုက်သေဆုံးရတာတောင် ရှိနေသေးတယ်” ဟု စစ်တပ်၏ ဖမ်းဆီးမှုအန္တရာယ်ကြောင့် မွန်ပြည်နယ်မှ ရပ်နားထားရသည့် လူမှုကူညီရေးအသင်းဝင်ဟောင်းတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် လူမှုကူညီရေးအသင်းဝင်များ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး၊ ယင်းဖမ်းဆီးမှုကို စစ်ကောင်စီတပ်အပြင် တော်လှန်ရေးတပ်များကပါ ဖမ်းဆီးမှုများ ရှိခဲ့သည်။

အဆိုပါ ဖမ်းဆီးမှုများနှင့် လူမှုကူညီရေးအသင်းကားများ လူနာများပို့ဆောင်စဉ် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များကြောင့် မွန်ပြည်နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့ ထက်ဝက်ကျော်မှာ လုပ်ငန်းများ ရပ်နားခဲ့ရသည်။