မုံရွာတွင် မိုင်းရှာ၊ ဆက်ကြေးကောက် စစ်အုပ်စုဝင်များ မိုင်းဆွဲခံရပြီး တစ်ဦးသေ၊ ၄ ဦးဒဏ်ရာရဟုဆို

ဓာတ်ပုံ - Monywa Dynamite Special Task Force
ပုံစာ - စစ်အုပ်စုဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် မိုင်းရှာရင်း ဆက်ကြေးကောက်ရန်ထွက်လာသည့် စစ်အုပ်စုဝင်များ မိုင်းဆွဲခံရပြီး တစ်ဦးသေဆုံးကာ ၄ဦးဒဏ်ရာရရှိကြောင်းသိရသည်။

မတ်လ ၃ရက်၊ မွန်လွဲ ၁၂နာရီ မိနစ် ၄၀ခန့်တွင် မုံရွာမြို့နယ်၊ တောပုပျူရွာမှ အင်အား ၂၀ပါ စစ်အုပ် စုဝင်များသည် မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ် မိုင်းလည်းရှာ ဆက်ကြေးလည်း ကောက်ရန် ထွက် လာ စဉ် မိုင်းကြီးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Dynamite – Special Task Force အဖွဲ့က ယနေ့(မတ်၄ရက်)ညနေပိုင်း၌သတင်းထုတ်ပြန်သည်။

” တိုက်အောက်မှာ ထိုင်နေတာဆိုတော့ ထိထိမိမိဖောက်ခွဲနိုင်ခဲ့တာ။ လက်နက်ငယ်နဲ့ရမ်းပစ်တယ်။ ထိခိုက်တာတွေ ကားနဲ့ လာတင်သွားတယ်ဗျ” ဟု Monywa Dynamite – Special Task Force မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုပြီးနောက် ညပိုင်းတွင် ကြေးမုံရွာရှိ ပြည်သူနေအိမ်တစ်လုံးမှ ကားတစ်စီးနှင့် ပိုက်ဆံများယူဆောင်ပြီး ရမ်းသန်းပစ်ခတ်ခဲ့ရာ ပြည်သူ အမျိုးသားတစ်ဦး ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ညနေခင်းပိုင်းမှာ ၆နာရီလောက်မှာ ပြည်သူကားကိုတားပြီးတော့ ရွာထဲကို လိုက်လာတယ်။ ဆိုက်တွဲတစ်စီးနဲ့ပေါ့။ ဆိုက်တွဲတစ်စီးနဲ့ လိုက်လာတဲ့အချိန်မှာ ပြည်သူတွေရောရှိတယ်။ အဲ့ရှိတဲ့အိမ်ကို ဝင်ပြီးတော့ သေနတ်တွေနဲ့ ချိန်ထားပြီးတော့ ကားတစ်စီးတောင်းသွားတယ်။ ပိုက်ဆံတွေယူသွားတယ်။ အိမ်ထဲကို မွှေသွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုကို Brave Heart Army -BHA၊ Monywa Dyanamtie – Special Task Force၊ Chindwin Fighter Group – CFGနှင့် Monywa Special -ဒိတ်ဒိတ်ကြဲ အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

စစ်အုပ်စုဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။